မြေဩဇာမှတ်ပုံတင် လျှောက်ထားရာတွင် ထုပ်ပိုးပစ္စည်းနှင့် ပတ်သက်၍ လိုက်နာရမည့် အချက်များ ထုတ်ပြန် ကြေညာခြင်း ၄/၂၀၂၀

မြေဩဇာကော်မတီသည် အရည်အသွေးစံချိန်စံညွှန်းပြည့်မီသော မြေဩဇာများအား စိုက်ပျိုး ထုတ်လုပ်သူ တောင်သူလယ်သမားများ သုံးစွဲနိုင်ရေးနှင့် မြေဩဇာလုပ်ငန်း လုပ်ကိုင်သူ လုပ်ငန်းရှင်များ မြေဩဇာထုတ်လုပ်ခြင်း၊ ပြည်တွင်းသို့တင်သွင်းခြင်း၊ ပြည်ပသို့ တင်ပို့ခြင်းလုပ်ငန်းများ ဆောင်ရွက်ရေးအတွက် မြေဩဇာဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့် အညီ ဆောင်ရွက်လျက်ရှိရာတွင် မြေဩဇာဥဒေပုဒ်မ ၄၈(ခ) နှင့် မြေဩဇာဥပဒေဆိုင်ရာ လုပ်ထုံးလုပ်နည်းများ အပိုဒ် ၅၈ အရ အပ်နှင်းထားသော လုပ်ပိုင်ခွင့်ကို ကျင့်သုံး၍ ဤအမိန့် ကြော်ငြာစာကို ထုတ်ပြန်လိုက်သည်။ မြေဩဇာလုပ်ငန်း လုပ်ကိုင်သူသည် မြေဩဇာမှတ်ပုံ တင် လျှောက်ထားရာ၌ ထုပ်ပိုးပစ္စည်းများပေါ်တွင် အောက်ဖော်ပြပါ အချက်များအတိုင်း လိုက်နာဆောင်ရွက်ရမည်-

(က)    မြေဩဇာလုပ်ကိုင်သူများသည် ကုန်စည်အမှတ်တံဆိပ်နှင့် အမျိုးအမည်၊ အသားတင်အလေးချိန်၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ ရွက်ဖျန်းမြေဩဇာ နှင့်ဇီဝမြေဩဇာများတွင် သုံးစွဲရန်အညွှန်းနှင့် သတိပြုရန်အချက်များကို ၂၀၂၀ ပြည့်နှစ် ၊ ဇန်နဝါရီလ (၁) ရက်မှစ၍ မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာနှင့် အခြားဘာသာတွဲလျက်ဖြစ်စေ ဖော်ပြရမည်။

(ခ)     မြေဩဇာများကို ပြည်ပမှ တင်သွင်းရာ၌ တင်သွင်း မှတ်ပုံတင်အမှတ် (တသ) နှင့် တင်သွင်းသူ/ဖြန့်ဖြူးရောင်းချသူအမည် (importer/Distributor Name) ၊ ပြည်ပမှ ကုန်ကြမ်းတင်သွင်းရာ၌ တင်သွင်းမှတ်ပုံတင်အမှတ် (ထသက) ဖော်ပြရန်နှင့် ပြည်တွင်းထုတ်လုပ် မြေဩဇာဖြစ်ပါက ထုတ်လုပ်မှတ်ပုံတင် အမှတ် (ထလ) နှင့် ထုတ်လုပ်သူ/ဖြန့်ချီသူအမည် (Manufacturer/ Distributor Name) များ ဖော်ပြရမည်။

(ဂ)     ပါဝင်သည့် အပင်အဟာရဓာတ်ရာခိုင်နှုန်း (Percentage of Plant Nutrient) / အရည်အသွေးအာမခံချက် (Quality Assurance) ဖော်ပြရမည်။

(ဃ)    Compound Fertilizer များတွင် သုံးစွဲရန်အညွှန်းကို ထုပ်ပိုးပစ္စည်းအိတ်အတွင်း၌ သီးခြားထည့်သွင်းဖော်ပြရမည်။

(င)     ဇီဝမြေဩဇာများတွင် ထုတ်လုပ်သည့် ရက်စွဲနှင့် သက်တမ်းကုန်ဆုံးသည့် ရက်စွဲတို့ကို ဖော်ပြရမည်။

ထုတ်ပြန်သည့်ရက် 2020-04-29
ဥပဒေ အမျိုးအစား Notification
ထုတ်ပြန်သည့်အဖွဲ့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန
တာဝန်ယူသည့် အဖွဲ့ စိုက်ပျိုးရေးဦးစီးဌာန
ပြင်ဆင်သည့်ရက် 2023-03-10 04:40:03

picture_as_pdfမြန်မာ