မြန်မာနိုင်ငံယှဉ်ပြိုင်မှုကော်မရှင် ပုံမှန်အစည်းအဝေး (၁/၂၀၂၆-၂၀၂၇) ကျင်းပ
နေပြည်တော် ဩဂုတ် ၁၃
မြန်မာနိုင်ငံယှဉ်ပြိုင်မှုကော်မရှင် ပုံမှန်အစည်းအဝေး (၁/၂၀၂၆-၂၀၂၇) ကို ယနေ့နံနက်ပိုင်းတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံယှဉ်ပြိုင်မှုကော်မရှင်ရုံး၊ အစည်း အဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးသို့ မြန်မာနိုင်ငံယှဉ်ပြိုင်မှုကော်မရှင်ဥက္ကဋ္ဌ၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံ၊ မြန်မာနိုင်ငံယှဉ်ပြိုင်မှုကော်မရှင် ဒုတိယဥက္ကဋ္ဌ၊ အတွင်းရေးမှူး၊ ကော်မရှင်အဖွဲ့ဝင်များနှင့် ကော်မရှင်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
အစည်းအဝေးတွင် မြန်မာနိုင်ငံယှဉ်ပြိုင်မှုကော်မရှင်ဥက္ကဋ္ဌ၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာ၌ ယှဉ်ပြိုင်မှုဥပဒေ အကောင်အထည်ဖော်ဆောင်ရွက်မှု ပိုမိုထိရောက်စေရေးအတွက် ယှဉ်ပြိုင်မှုဆိုင်ရာ အသိပညာပေး လုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်ရေး၊ တိုင်ကြားမှုများအား ဥပဒေနှင့်အညီ စနစ်တကျ စိစစ်ဖြေရှင်း ဆောင်ရွက်ရေးနှင့် စုံစမ်းစစ်ဆေးရေးလုပ်ငန်းစဉ်များ ပိုမိုအားကောင်းလာစေရေးတို့ကို အလေးထား ဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်း(MSME)များအနေဖြင့် ယှဉ်ပြိုင်မှုဥပဒေဆိုင်ရာ အသိပညာများ ပိုမိုသိရှိနားလည်လာစေရေးနှင့် တရားမျှတ သော ယှဉ်ပြိုင်မှုပတ်ဝန်းကျင်တွင် ပါဝင်ဆောင်ရွက်နိုင်စေရေးတို့အတွက် ဝိုင်းဝန်းကြိုးပမ်း ဆောင် ရွက်ရမည်ဖြစ်ကြောင်း၊ ဒီဂျစ်တယ်ဈေးကွက်နှင့် ပလက်ဖောင်းစီးပွားရေးများ ဖွံ့ဖြိုးတိုးတက်လာမှု နှင့်အညီ နိုင်ငံတကာအတွေ့အကြုံများနှင့် အကောင်းဆုံး အလေ့အကျင့်များကို လေ့လာအသုံးချ၍ မြန်မာနိုင်ငံ၏ ယှဉ်ပြိုင်မှုဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့် မူဝါဒဆိုင်ရာ လမ်းညွှန်ချက်များကို အချိန်နှင့်အမျှ ပြန်လည်သုံးသပ် ပြင်ဆင်ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးနှင့်စပ်လျဉ်း၍လည်း ယှဉ်ပြိုင်မှုဥပဒေပါ ပြဋ္ဌာန်းချက်များကို ခိုင်မာအားကောင်းစေရေး ဆောင်ရွက်သွားရန် ပြောကြားသည်။
အစည်းအဝေးတွင် ယှဉ်ပြိုင်မှုဆိုင်ရာ တိုင်ကြားလာသည့် အမှုကိစ္စများနှင့်စပ်လျဉ်း၍ ဖြေရှင်းဆောင်ရွက်မှု အခြေအနေများ၊ ယှဉ်ပြိုင်မှုဥပဒေပါ ပြဋ္ဌာန်းချက်များကို ခိုင်မာအားကောင်း စေရေး ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များ၊ ပြည်တွင်းပြည်ပ ပူးပေါင်းဆောင်ရွက်မှုအခြေ အနေများ၊ ဒီဂျစ်တယ်ဈေးကွက်နှင့် ဆက်စပ်သည့် ယှဉ်ပြိုင်မှုဆိုင်ရာ ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ညှိနှိုင်းဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။
အဖွဲ့အစည်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန
ကဏ္ဍ General