စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦး ပြည်ပနိုင်ငံများသို့ သွားရောက် တာဝန်ထမ်းဆောင်ကြမည့် စီးပွားရေးသံမှူးများအား တွေ့ဆုံပွဲသို့ တက်ရောက်အမှာစကားပြောကြား

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးသည် ပြည်ပနိုင်ငံများသို့ သွားရောက်တာဝန်ထမ်းဆောင်ကြမည့် စီးပွားရေးသံမှူးများအား ၂၀၂၃ ခုနှစ်၊ မတ်လ ၁၀ ရက်နေ့၊ (၁၅:၀၀) နာရီအချိန်တွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၌ တွေ့ဆုံအမှာစကားပြောကြားခဲ့သည်။

ပြည်ထောင်စုဝန်ကြီးက မိမိတို့နိုင်ငံမှထွက်ရှိသည့် အဓိကပို့ကုန်များ၊ တန်ဖိုးမြှင့်ထုတ်ကုန်များအား နိုင်ငံတကာဈေးကွက်သို့ ပိုမိုတိုးမြှင့်တင်ပို့နိုင်ရေးနှင့် ဈေးကွက်ဝေစုပိုမိုရရှိနိုင်ရေး၊ သက်ဆိုင်ရာနိုင်ငံများရှိ အဖွဲ့အစည်းများ၊ ကုန်သည်လုပ်ငန်းရှင်များ၊ အစိုးရများနှင့်ပူးပေါင်းဆောင်ရွက်နိုင်ရေး၊ ပြည်ပနိုင်ငံများမှ မြန်မာနိုင်ငံတွင်လာရောက်ရင်းနှီးမြှုပ်နှံရန် ရင်းနှီးမြှုပ်နှံမှုများအား ဖိတ်ခေါ်နိုင်ရေးနှင့် ပြည်ပနိုင်ငံများ၏ ဈေးကွက်အခြေအနေများကို အချိန်နှင့်တစ်ပြေးညီသိရှိနိုင်ရေးဆိုင်ရာကိစ္စရပ်များ၊ စီးပွားရေးသံမှူးများအနေဖြင့် နိုင်ငံတော်၏စီးပွားရေးနှင့်ကုန်သွယ်မှုကဏ္ဍတိုးတက်မြင့်မားရေးအတွက် မိမိတို့၏ကျရာကဏ္ဍအလိုက် ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ ကြိုးပမ်းဆောင်ရွက် သွားရန်ကိစ္စများကို တိုက်တွန်းမှာကြားခဲ့သည်။

အဆိုပါ အခမ်းအနားသို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးညွန့်အောင်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် စီးပွားရေးသံမှူးများ ပါဝင်တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။

အဖွဲ့အစည်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန
ကဏ္ဍ General