မူဆယ်မှ ရေထွက်ကုန် တန်ချိန်ရော တန်ဖိုးပါ ပိုမိုတင်ပို့

မူဆယ်(၁၀၅) မိုင် ကုန်သွယ်ရေးဇုန်မှ ဒီဇင်ဘာ ၃ ရက်မှ ၉ ရက်အထိ သီတင်းပတ်အတွင်း အမေရိကန်ဒေါ်လာ ၂ ဒသမ ၇၇၄ သန်းတန်ဖိုးရှိ ရေထွက်ကုန် ၁၉၈၃ တန်ကျော်ကို တရုတ်နိုင်ငံသို့ တင်ပို့ခဲ့ပါတယ်။  ယခင်တစ်ပတ်က အမေရိကန် ဒေါ်လာ ၁ ဒသမ ၃၁၅ သန်းတန်ဖိုးရှိ ရေထွက်ကုန် ၁၀၇၀ တန်ကျော်တင်ပို့ခဲ့လို့ ယခုတစ်ပတ်မှာ အမေရိကန်ဒေါ်လာ ၁ ဒသမ ၄၅၉ သန်း၊ တန်ချိန်အားဖြင့် ၉၁၃ တန်ကျော် ပိုမိုတင်ပို့ခဲ့တာ တွေ့ရပါတယ်။ ယခုတစ်ပတ်မှာ ငါးလေးခြောက်၊ ပုစွန်ဖွဲ၊ ငါးရှဉ့်၊ ကဏန်း၊ ငါးဟောက်အရှင်၊ ငါးဆားနယ်၊ ပုစွန်ခြောက်၊ ငါးစီဖောင်း၊ ငါးခြောက်နဲ့ ငါးမျိုးစုံပိုမိုတင်ပို့နိုင်ခဲ့ခြင်း၊ ငါးပူတင်း အရေခွံခြောက်၊ ငါးလိပ်ကျောက်အရေခွံခြောက်နဲ့ ငါးကြင်းစီဖောင်းတို့  တင်ပို့နိုင်ခဲ့တာကြောင့် ရေထွက်ကုန်ပစ္စည်း တင်ပို့မှု ပိုမိုရခြင်းဖြစ်ကြောင်း၊ တစ်ဖက်နိုင်ငံယွမ်ဈေး အနေဖြင့် ငါးရှဉ့်တစ်တန်လျှင် ယွမ် ၃၁၀ဝ၀၊ ကဏန်းတစ်တန် ၄၆၃၅၄ ယွမ်ဈေး ရရှိခဲ့ကြောင်း မူဆယ်ကုန် စည်ဒိုင်မှ သိရပါတယ်။                                                                                        မော်မော်အောင်

အဖွဲ့အစည်း နိုင်ငံခြားရေးဝန်ကြီးဌာန
ကဏ္ဍ General