တရားမဝင်ကုန်သွယ်မှုပပျောက်ရေးသို့
ဈေးကွက်စီးပွားရေးစနစ်ကို ဦးတည်နိုင်ရန်နှင့် ကုန်သွယ်မှု ကဏ္ဍ ပိုမိုတိုးတက်မြင့်မားစေရန် ရည်ရွယ်ပြီး မြန်မာနိုင်ငံတွင် လွန်ခဲ့သည့် ငါးနှစ်ကျော်မှစ၍ သွင်းကုန်၊ ထုတ်ကုန် လုပ်ငန်းများကို ပိုမိုလုပ်ကိုင်နိုင်ရန် အစိုးရက လုပ်ငန်းစဉ်များအား ဖြေလျော့မှုများ နှင့်အတူ လမ်းကြောင်းများစွာကို ဖွင့်ပေးခဲ့ရာ ကူးသန်းရောင်းဝယ်ရေး ဆိုင်ရာ ကုန်သွယ်ရေးလုပ်ငန်းများသည် လျင်မြန်စွာ ကြီးထွားလာပြီး ရေကြောင်း၊ လေကြောင်းဖြင့် နိုင်ငံတကာမှ ကုန်ပစ္စည်းများအား ကုန်သွယ်ကြသလို မြန်မာနိုင်ငံနှင့် နယ်နိမိတ် ဆက်စပ်လျက်ရှိသည့် အိမ်နီးချင်း နိုင်ငံများနှင့်လည်း နယ်စပ်ကုန်သွယ်ရေး စခန်းများ၊ ဇုန်များမှတစ်ဆင့် ကုန်သွယ်ကူးသန်း ရောင်းဝယ်ကြသည်။
မြန်မာနိုင်ငံတွင် နယ်စပ်ကုန်သွယ်ရေးစခန်း ၁၅ ခုရှိပြီး တရုတ်ပြည်နယ်စပ်တွင် စခန်း လေးခု၊ ထိုင်းနိုင်ငံ နယ်စပ်တစ်လျှောက် တွင် စခန်းရှစ်ခု၊ အိန္ဒိယနိုင်ငံ နယ်စပ်တွင် စခန်းနှစ်ခု၊ ဘင်္ဂလားဒေ့ရှ် နယ်စပ်တွင် စခန်းနှစ်ခု အသီးသီး ရှိပါသည်။ ထိုနယ်စပ် ကုန်သွယ် ရေး စခန်းများတွင် သွင်းကုန်၊ ထုတ်ကုန် လုပ်ငန်းလိုင်စင် အမျိုးမျိုး ဖြင့် ကုန်သွယ်ကြပြီး တစ်နိုင်တစ်ပိုင် ကုန်သွယ်ကူးသန်း ရောင်းဝယ် နိုင်ရန် အတွက်လည်း ွှှုဃ ကတ်များဖြင့် သတ်မှတ်ချက်အတိုင်း ကုန်သွယ်နိုင်ပြီ ဖြစ်သည်။
ပြီးခဲ့သည့် ငါးနှစ်တာ ကာလအတွင်း ရေကြောင်း၊ လေကြောင်း နှင့် နယ်စပ်ကုန်သွယ်မှု ပမာဏ စုစုပေါင်း အမေရိကန်ဒေါ်လာ ၁၁၇ ဘီလီယံကျော် ရှိခဲ့သည်။ ထိပ်တန်းပို့ကုန်များမှာ သဘာဝဓာတ်ငွေ့၊ ကျောက်စိမ်း၊ အထည်အလိပ်၊ ဆန်၊ မတ်ပဲ၊ ငါး၊ ပဲတီစိမ်း၊ နှမ်း၊ ကျွန်းသစ်၊ ရော်ဘာတို့ ဖြစ်ကြပြီး၊ အဓိက သွင်းကုန်များမှာ ရေနံထွက် ပစ္စည်း၊ မော်တော်ယာဉ်နှင့် ဆက်စပ်ပစ္စည်း၊ စက်နှင့် စက်ပစ္စည်း၊ သံနှင့် သံမဏိပစ္စည်း၊ ပလပ်စတစ် ကုန်ကြမ်းပစ္စည်း၊ စားအုန်းဆီ၊ ဆေးဝါးပစ္စည်း၊ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူး ရေး၊ တပ်ဆင်ရေးပစ္စည်းနှင့် ဘိလပ်မြေတို့ ဖြစ်ကြောင်းလည်း သိရသည်။
ကုန်သွယ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုများကို ကြည့်မည်ဆိုပါက တရားဝင် ကုန်သွယ်မှုများသာ မြင့်တက်လာခြင်းမျိုး မဟုတ်ဘဲ တရားမဝင် ကူးသန်းရောင်းဝယ်မှုများလည်း မြင့်တက်လာသည်ကို တွေ့ရသည်။ တရားမဝင် ကုန်သွယ်မှုများကို တားဆီးမှု မှတ်တမ်းများ အရ ၂၀၁၂ ခုနှစ်မှ ၂၀၁၅ခုနှစ် အတွင်း ဖမ်းဆီးရရှိမှု တန်ဖိုးမှာ ငွေကျပ် ၅၀ဝဘီလီယံကျော်ဖိုး သိမ်းဆည်းခဲ့ပြီး စားသုံးရန် မသင့်သော ကုန်ပစ္စည်းတန်ဖိုး ကျပ် ၂၅ဘီလီယံကျော် ဖျက်ဆီးနိုင်ခဲ့ ကြောင်း သိရသည်။ ယခုအခါတွင် တရားမဝင် ကုန်သွယ်မှုများအား စဉ်ဆက်မပြတ် တားဆီးနေမှု မှတ်တမ်းများကို စုစည်းပြီး လအလိုက် မှတ်တမ်းတင် ထုတ်ပြန်ခြင်း မရှိတော့သော်လည်း အလျဉ်းသင့်သလို ဖော်ပြနေမှုကို တွေ့ရှိနေရပါသည်။
တရားမဝင် ကုန်သွယ်မှုများ ပြုလုပ်လျက်ရှိရာတွင် မြန်မာ့ အဖိုးတန် ကျွန်း၊ သစ်များ အပါအဝင် သစ်နှင့် သစ်တောထွက် ပစ္စည်းများ၊ လယ်ယာထွက်ပစ္စည်းများ၊ ကျွဲ၊ နွား အစရှိသည့် တိရစ္ဆာန် မျာ း ပါဝင်ပြီး အများဆုံး တရားမဝင် တင်သွင်းသည့် ပစ္စည်းများတွင် ဆေးနှင့် ဆေးပစ္စည်းများ၊ လူသုံးကုန် ပစ္စည်းများ၊ လျှပ်စစ်ပစ္စည်းများ၊ အလှကုန်များ၊ အရက်၊ ဘီယာ၊ စီးကရက်နှင့် ဆေးလိပ်ထွက် ပစ္စည်းများ၊ ဓါတ်မြေသြဇာများ၊ ပိုးသတ်ဆေးနှင့် ပေါင်းသတ်ဆေးများ၊ မျိုးစေ့များ ပါဝင်သည်ကို မှတ်တမ်းများအရ တွေ့ရှိရသည်။
တရားမဝင်ကုန်သွယ်မှုကို ဆောင်ရွက်သူများသည် နိုင်ငံ၏ သယံဇာတများကို စနစ်တကျ ထုတ်ယူ သုံးစွဲခြင်း မဟုတ်သည့်အတွက် သယံဇာတ ဆုံးရှုံးမှု ဖြစ်ပေါ်စေခဲ့သည့်အပြင် သဘာဝပတ်ဝန်းကျင် ကိုပါ ထိခိုက်စေခြင်း၊ ရသင့်ရထိုက်သည့် အခွန်ဘဏ္ဍာငွေများ ဆုံးရှုံးခြင်းတို့ကို ဖြစ်ပေါ်စေသည့်အပြင် တရားမဝင် တင်သွင်းလာ သည့် ကုန်ပစ္စည်းများကြောင့် ပြည်တွင်းမှ စားသုံးသူများအတွက် ကျန်းမာရေးကို ထိခိုက်စေနိုင်သည့် ရောဂါအန္တရာယ်များကို ရင်ဆိုင် ကြုံတွေ့လာရပေသည်။
အဆိုပါ တရားမဝင် တင်သွင်းလာသည့် ပစ္စည်းများသည် အရည်အသွေးအားဖြင့် အပြည့်အဝ အာမခံချက် မပေးနိုင်သော ကြောင့် လည်းကောင်း၊ အတုအပများဖြစ်နေ၍သော် လည်းကောင်း၊ သုံးစွဲရန် မသင့်ဘဲ ကျန်းမာရေးကို အန္တရာယ်ပေးသည့် ပစ္စည်းများ ဖြစ်နေသောကြောင့် လည်းကောင်း၊ သုံးစွဲမိသူ ပြည်သူများအနေဖြင့် ကျန်းမာရေး၊ စီးပွားရေးနှင့် အခြားလူမှုရေးဆိုင်ရာ ပြဿနာများ ပေါ်ပေါက်လာနိုင်ပါသည်။ အမှန်တကယ်လည်း ပြဿနာများ ပေါ်ပေါက်လာနိုင်ကြောင်းကို သတင်းမီဒီယာများနှင့် လူမှုကွန်ရက် များတွင် နေ့စဉ် စဉ်ဆက်မပြတ် တွေ့ရှိနေရပြီး ပညာရှင်များကိုယ်တိုင် လူထုအားသတိပေးခြင်း၊ ပညာပေးခြင်းတို့ကို မီဒီယာပေါင်းစုံမှ တစ်ဆင့် လုပ်ဆောင်နေသည်ကိုလည်း တွေ့ရှိနေရသည်။
ထိုတရားမဝင် ကုန်သွယ်မှုများသည် နယ်စပ်ဒေသများရှိ ကုန်သွယ်ရေး စခန်းများတွင် နယ်စပ် လုံခြုံမှု၊ ဒေသန္တရဆိုင်ရာ အခက်အခဲများ၊ လူ့စွမ်းအားအရင်းအမြစ်နည်းပါးမှု၊ နည်းပညာ အားနည်းမှု၊ ပြောင်းလဲနေသော ကုန်သွယ်ရေးဆိုင်ရာ နည်းစနစ် များနှင့် နယ်မြေအနေအထားအရ တရားမဝင် ကုန်သွယ်မှု ပြုနိုင် သည့် လမ်းကြောင်းများ များစွာ တည်ရှိနေခြင်း စသည်တို့ကြောင့် ကုန်သွယ်ရေး လုပ်ငန်းများအား စဉ်ဆက်မပြတ် တိတိကျကျ စစ်ဆေး ကြပ်မတ်နိုင်မှု မရှိနိုင်ကြောင်းကို တွေ့ရှိနေရသည်။
အဆိုပါ တရားမဝင် ဝင်ရောက်နေသည့် ပစ္စည်းများသည် မြန်မာနိုင်ငံ၏ အမျိုးသားကျန်းမာရေး၊ စီးပွားရေးနှင့် လူငယ်များ၏ အနာဂတ် ရှင်သန်တိုးတက်ရေးကို အထူးပင်ခြိမ်းခြောက်လျက် ရှိသည့် အပြင် နိုင်ငံတော်အတွက်လည်း ရသင့်ရထိုက်သည့် အခွန်ငွေများမရသဖြင့် အခွန်ဘဏ္ဍာများစွာကို ဆုံးရှုံးစေပါသည်။ ပြည်တွင်းတွင် တရားဝင် ခွင့်ပြုချက်များဖြင့် ထုတ်လုပ်ဖြန့်ချိ ရောင်းချနေသော လုပ်ငန်းများသည် အဆိုပါ တရားမဝင် တင်သွင်း လာသည့် ပစ္စည်းများအား ပြည်တွင်းဈေးကွက်အတွင်း ဈေးနှုန်း အားဖြင့် မယှဉ်နိုင်သောကြောင့် ဈေးကွက်ပျောက်ကြရပြီး ပြည်တွင်း ှနျြ လုပ်ငန်းများ၏ ရှင်သန်ကြီးထွားမှုကို အဟန့်အတား ဖြစ်စေ ပါသည်။ ဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်းများအောက်တွင် လုပ်ကိုင် နေသည့် အဆိုပါ လုပ်ငန်းများ၏ Óဏပစ္စည်း မူပိုင်ခွင့်များကို လည်း ချိုးဖောက်ခံရသည့်နှယ် ဖြစ်စေပြီး လုပ်ငန်းများကိုလည်း ကျဆုံးသည် အထိ ဖြစ်ပေါ်စေနိုင်ပါသည်။ ှနျြ လုပ်ငန်းများ ရှင်သန်မှုမရှိလျှင် အလုပ်အကိုင် အခွင့်အလမ်းများလည်း လျော့နည်းလာနိုင်ပြီး လူမှု ရေး၊ စီးပွားရေး ဆိုးကျိုးများကို ဖြစ်တည်စေနိုင်သည်။
တိုးတက်လျက် ရှိနေသော ကုန်သွယ်မှု အခန်းကဏ္ဍတွင် ကုန်သွယ်မှု တိုးတက်လာသည်နှင့်အမျှ ကြီးထွားလျက် ရှိနေသော တရားမဝင် မှောင်ခိုကူးသန်း ရောင်းဝယ်နေမှုများအား မျက်ခြည် မပြတ် စိစစ်ကြပ်မတ်ရန် အထူးလိုအပ်လှပါသည်။ ထိုတရားမဝင် မှောင်ခိုကူးသန်း ရောင်းဝယ်နေမှုကို တိုက်ဖျက်ရေးအတွက် အကောင်အထည် ဖော်ရာတွင် တရားမဝင် မှောင်ခိုကူးသန်း ရောင်းဝယ်မှုများ၏ ပမာဏ၊ အနေအထား၊ သက်ဆိုင်ရာဒေသန္တရ အခြေအနေနှင့် အချက်အလက်များကို နားလည် သဘောပေါက်ရန် အထူးလိုအပ်လှပါသည်။ သို့မှသာ တန်ပြန်တိုက်ဖျက်နိုင်မည့်၊ ထိန်းကျောင်းနိုင်မည့် နည်းဥပဒေ၊ စည်းကမ်းများ၊ ထိရောက်သော ပညာပေးမှု၊ အရေးယူမှုများအား ဆောင်ရွက်နိုင်မှု၊ တားမြစ်မှုများ ပြုလုပ်နိုင်မည် ဖြစ်ပါသည်။
တရားမဝင် ကုန်သွယ်မှုများသည် ကမ္ဘာ့နိုင်ငံအသီးသီးတွင် အနည်းနှင့်အများ ဖြစ်ပေါ်လျက် ရှိပေသည်။ သို့သော်လည်း အဆိုပါ နိုင်ငံများတွင် တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအတွက် လုပ်ဆောင်နေမှုများ ရှိနေသည်ကိုလည်း လေ့လာသိရှိရပေသည်။
မြန်မာနိုင်ငံတွင် ခေတ်အဆက်ဆက် ဖြစ်ပေါ်တည်ရှိခဲ့သည့် တရားမဝင် ကုန်သွယ်မှုသည် နယ်စပ် ဂိတ်များ ဖွင့်လှစ်ပေးမှုနှင့်အတူ ပိုမိုကြီးထွားလာခဲ့သည်။ ပြည်တွင်းရှိ ကုန်သည်အချို့၏ မသမာမှု အကျင့်ပျက် ဝန်ထမ်းများ၏ လာဘ်ပေးလာဘ်ယူမှု၊ နယ်စပ်ဒေသများ တွင် အကြမ်းဖက်သောင်းကျန်းသူများ ကြီးစိုးနေမှု စသည့် အချက် များကြောင့် တစ်နေ့တစ်ခြား ပိုမိုကြီးထွားလျက် ရှိနေပေသည်။
ထို့ကြောင့် နိုင်ငံတော် အစိုးရအဆက်ဆက် ပြည်တွင်း ငြိမ်းချမ်းရေး ရရှိအောင် ဆောင်ရွက်လျက် ရှိသော်လည်း ယနေ့အချိန် အထိ မြန်မာနိုင်ငံ၏ နယ်စပ်ဒေသအချို့တွင် အေးချမ်း တည်ငြိမ်မှု မရရှိသေးသည်ကို တွေ့မြင်နိုင်ပေသည်။ နယ်စပ်ဒေသများ အထူး သဖြင့် ကုန်သွယ်မှု လမ်းကြောင်းတစ်လျှောက်ရှိ ဒေသများ တည်ငြိမ် အေးချမ်းမှသာလျှင် တရားမဝင်ကုန်သွယ်မှု ပပျောက်ရေးကို စနစ်တကျ ကိုင်တွယ်ဆောင်ရွက်နိုင်မည် ဖြစ်သည်။
ထို့ပြင် ပြည်တွင်းမှ လုပ်ငန်းရှင်များ အနေဖြင့်လည်း မိမိ ကိုယ်ကျိုးစီးပွား တစ်ခုတည်းကို မကြည့်ဘဲ နိုင်ငံနှင့် နိုင်ငံသားတို့၏ အကျိုးစီးပွားကိုပါ ထည့်သွင်းတွက်ချက်၍ ကုန်သွယ်မှု ပြုကြမှသာ တရားမဝင် ကုန်သွယ်မှု တိုက်ဖျက်ရေးကို ထိထိရောက်ရောက် လုပ်ဆောင်နိုင်မည် ဖြစ်သည်။ အလားတူ ပြည်တွင်းမှ ကုန်သည်များ လွတ်လပ်လွယ်ကူစွာ ကုန်သွယ်မှုပြုနိုင်ရန်အတွက် နိုင်ငံတော် အစိုးရအနေဖြင့် ကုန်သွယ်မှုနှင့် သက်ဆိုင်သည့် ဖြေလျှော့မှုများကို ပြုလုပ်ပေးနေပြီ ဖြစ်သည်။
ထို့ကြောင့် တရားမဝင် ကုန်သွယ်မှု ပပျောက်မှသာ ကုန်သွယ်မှု ပမာဏ ပိုမိုတိုးတက်ပြီး ကုန်သွယ်မှုပိုငွေများ တိုးတက်ရရှိကာ နိုင်ငံတော် ဘဏ္ဍာငွေများ တိုးတက်ရရှိမည် ဖြစ်သည်။ တရားမဝင် ကုန်သွယ်မှု ပပျောက်ရေးအတွက် နိုင်ငံတော် တစ်ခုတည်းကသာ တာဝန်ယူ လုပ်ဆောင်၍ ရမည်မဟုတ်ဘဲ ကုန်သည်များ၊ လုပ်ငန်းရှင် များ၊ ပြည်သူများ ပူးပေါင်း ဆောင်ရွက်သင့်ပါကြောင်း ရေးသားတင်ပြ လိုက်ရပါသည်။
အဖွဲ့အစည်း နိုင်ငံခြားရေးဝန်ကြီးဌာန
ကဏ္ဍ General