မြန်မာ့ဆန်စပါးညီလာခံ - ၂၀၂၂ ဖွင့်ပွဲအခမ်းအနားကျင်းပ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြား  


နေပြည်တော်၊ အောက်တိုဘာ - ၆ 

  မြန်မာနိုင်ငံ၏ ဆန်စပါးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆက်လက်ဆောင်ရွက်သင့်သည့် လုပ်ငန်းစဉ်များ၊ ကြုံတွေ့ရသည့် အခက်အခဲများနှင့် ဆန်စပါး ကဏ္ဍ၏ အနာဂတ်ဦးတည်လားရာများကို လေ့လာသုံးသပ်ပြီး အမျိုးသားပို့ကုန် မဟာဗျူဟာနှင့်အညီ ဆန်စပါး စိုက်ပျိုး၊ ထုတ်လုပ်၊ ကြိတ်ခွဲ၊ သိုလှောင်၊ တင်ပို့ရောင်းချခြင်း တန်ဖိုးကွင်းဆက်တစ်လျှောက် ဆောင်ရွက်ရမည့်လုပ်ငန်းများ၊ ပြုပြင်ပြောင်းလဲ တပ်ဆင်ရမည့် အစီအစဉ်များ၊ အစိုးရနှင့် ပုဂ္ဂလိကကဏ္ဍများမှ ဆောင်ရွက်ရမည့် လုပ်ငန်းအစီအစဉ်များကို ဆွေးနွေးဖော်ထုတ်ရန် ရည်ရွယ်၍ “နိုင်ငံ့စီပွားမြှင့်တင်ဖို့၊ ဆန်စပါးဖြင့် ကြိုးပမ်းစို့” ဟူသည့် ခေါင်းစဉ်ဖြင့် ကျင်းပပြုလုပ်သည့် မြန်မာ့ဆန်စပါး ညီလာခံ -၂၀၂၂ (Myanmar Rice Conference – 2022) ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း (ဗဟိုဌာန-၂)၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကား ပြောကြားသည်။
  အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်များ၊ ကောင်စီ တွဲဖက်အတွင်းရေးမှူး၊ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ တိုင်းဒေသကြီးနှင့် ပြည်နယ် အစိုးရအဖွဲ့များမှ စီးပွားရေးရာဝန်ကြီးများ၊ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်(UMFCCI)၊ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၊ မြန်မာနိုင်ငံဆန်စပါးကုန်သည်များအသင်း၊ မြန်မာနိုင်ငံဆန်စပါး စိုက်ပျိုးထုတ်လုပ် သူများအသင်း၊ ပုဂ္ဂလိကဘဏ်များနှင့် မြန်မာနိုင်ငံဆန်စက်လုပ်ငန်းရှင်များအသင်းတို့မှ ဥက္ကဋ္ဌများ၊ ဒုတိယဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများ၊ ပြည်တွင်း/ပြည်ပ စိုက်ပျိုးရေး ကျွမ်းကျင်ပညာရှင်များ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
  ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အဖွင့်အမှာစကား ပြောကြားရာတွင် မြန်မာနိုင်ငံတွင် ဆန်စပါးစိုက်ပျိုးထုတ်လုပ်ခြင်းသည် ရှေးရာစုနှစ်များစွာကတည်းက ဆောင်ရွက်လာခဲ့သည် မိရိုးဖလာအသက်မွေးဝမ်းကျောင်း လုပ်ငန်းတစ်ခုဖြစ်ပြီး ခေတ်စနစ်များ ပြောင်းလဲလာမှုနှင့်အတူ ဆန်စပါးစိုက်ပျိုး ထုတ်လုပ်ခြင်းကဏ္ဍတွင်လည်း ဖြစ်ပေါ်ပြောင်းလဲမှု၊ တိုးတက်မှုများစွာပေါ်ပေါက်ခဲ့ပါကြောင်း၊ မိမိတို့နိုင်ငံတွင်ဆန်ကိုသာ အဓိကစားသုံးကြခြင်းဖြစ်သဖြင့် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးအပါဆုံး ကောက်ပဲသီးနှံတစ်ခုလည်း ဖြစ်ပါကြောင်း။
  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် မြန်မာနိုင်ငံ၏စီးပွားရေး ဖွံ့ဖြိုး တိုးတက်စေရန် ပို့ကုန်မြှင့်တင်ရေးကို အဓိကဦးစားပေး ဆောင်ရွက်လျက်ရှိပါ ကြောင်း၊ ပို့ကုန်တိုးမြှင့်တင်ပို့နိုင်ရေးအတွက် နိုင်ငံ၏ ရေ၊ မြေရာသီဥတုနှင့်ကိုက်ညီပြီး ပြည်ပစျေးကွက်ကို ပိုမိုတင်ပို့နိုင်မည့် အလားအလာများရှိသည့် ပို့ကုန်များကို ပိုမို တိုးချဲ့ ထုတ်လုပ်တင်ပို့နိုင်ရန်အတွက် ဆောင်ရွက်လျက်ရှိရာတွင် ဆန်စပါးကဏ္ဍကို မြှင့်တင်ဆောင်ရွက်ခြင်းသည် အချိန်တိုအတွင်း ရလဒ်ကောင်းများရစေနိုင်သည့် (Quick Win) အစီအစဉ် တစ်ခုလည်းဖြစ်ပါကြောင်း။
  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက် စေရေးအတွက် စီးပွားရေး ဦးတည်ချက်များထဲတွင် “စိုက်ပျိုးရေးနှင့် မွေးမြူရေးကိုအခြေခံသည့် ကုန်ထုတ်လုပ်မှုကို ခေတ်မီနည်းစနစ်များဖြင့် ပိုမိုဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်ပြီး အခြားစီးပွားရေးကဏ္ဍများကိုလည်း ဘက်စုံဖွံ့ဖြိုးတိုးတက်အောင် တည်ဆောက်ရေး” ဆိုသည့် ဦးတည်ချက်ကို ချမှတ်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း။
  မြန်မာနိုင်ငံအနေဖြင့်စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများအတွက် မြေအရင်း အမြစ်၊ ရေသယံဇာတနှင့် လူသားအရင်းအမြစ်များ ပြည့်စုံပြီးဖြစ်သည့်အတွက် စိုက်ပျိုး ရေးနှင့် မွေးမြူရေးကဏ္ဍကို စနစ်တကျစီမံ ဆောင်ရွက်နိုင်ခဲ့မည်ဆိုပါက ဆင်းရဲမှု လျော့နည်းပပျောက်ရေးအတွက် သာမက နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက်ပါ များစွာအထောက်အကူ ပြုမည်ဖြစ်ပါကြောင်း။
  ယနေ့ကမ္ဘာပေါ်တွင် ရာသီဥတုပြောင်းလဲမှု ၊ နိုင်ငံရေးမတည်ငြိမ်မှုများကြောင့် စားနပ်ရိက္ခာဖူလုံမှုအပေါ်တွင် စိန်ခေါ်မှုများစွာ ပေါ်ပေါက်လျက်ရှိနေပြီး နိုင်ငံတိုင်းက ပြည်တွင်းစားနပ်ရိက္ခာဖူလုံရေးအတွက် ဦးတည်ပြီး မူဝါဒမျိုးစုံချမှတ်ကျင့်သုံး နေသည် ကိုလည်း တွေ့ရှိရပါကြောင်း၊ ထိုသို့သော အခြေအနေမျိုးတွင် စိုက်ပျိုးရေးကို အခြေခံ ပြီးစားနပ်ရိက္ခာ ကောက်ပဲသီးနှံထုတ်လုပ်နိုင်သည့် မြန်မာနိုင်ငံအတွက် အခွင့်အလမ်း ကောင်းများ များစွာပေါ်ပေါက်လာသည်ကို သုံးသပ်တွေ့ရှိရပါကြောင်း၊ မြန်မာ နိုင်ငံအနေဖြင့် ပေါ်ပေါက်လာသည့် အခွင့်အလမ်းကောင်းကို အမိအရ ရယူပြီး နိုင်ငံ့ ဖွံ့ဖြိုးတိုးတက်မှုဆောင်ရွက်ရာတွင် ဆန်စပါးကဏ္ဍသည် ယခင်ကထက် ပိုမို ဦးစားပေး ဆောင်ရွက်ရန် လိုအပ်ကြောင်းကိုလည်း အသိပေးလိုပါကြောင်း၊ အရည်အသွေးနှင့် အထွက်နှုန်း ပိုမိုကောင်းမွန်သည့် ဆန်စပါးတိုးချဲ့စိုက်ပျိုး ထုတ်လုပ်ရေးနှင့် ပြည်ပသို့ ပိုမိုတင်ပို့နိုင်ရေးကို ဦးစားပေးလုပ်ငန်းတစ်ခု အနေဖြင့် ဆောင်ရွက်သွားကြရန်လည်း တိုက်တွန်းလိုပါကြောင်း။
  ပြည်ပပို့ကုန် တိုးမြှင့်တင်ပို့နိုင်ရန်အတွက် ရေးဆွဲအကောင်အထည် ဖော်လျက်ရှိ သည့် “အမျိုးသားပို့ကုန်မဟာဗျူဟာ” ၏ ဦးစားပေးပို့ကုန် အမယ်ထဲတွင် ဆန်နှင့် ဆန်ထွက်ပစ္စည်းကဏ္ဍသည် ဦးစားပေးကဏ္ဍတစ်ရပ်အဖြစ် ပါဝင်ပါကြောင်း၊ ဆန်စပါး တင်ပို့မှုမြှင့်တင်ရေး မဟာဗျူဟာ၏ မျှော်မှန်းချက်သည် “ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးနှင့် ဝင်ငွေတိုးပွားလာစေရေးအတွက် အရည်အသွေးမြင့်မားပြီး၊ သဘာဝ ပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေဖြစ်မည့် ရေရှည်ဖွံ့ဖြိုးတိုးတက်သည့် ဆန်စပါး ထုတ်လုပ်ရေးနှင့်တင်ပို့ရေး” ဖြစ်ပါကြောင်း။
  အဆိုပါမဟာဗျူဟာ ရည်မှန်းချက်အရ မြန်မာ့ဆန်စပါးတိုးတက် ထုတ်လုပ်ပြီး ပို့ကုန်တိုးမြှင့်ရန်နှင့် နိုင်ငံတော်စီးပွားရေး ဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် ယခု “မြန်မာ့ဆန်စပါးညီလာခံ ၂၀၂၂” ကို “နိုင်ငံ့စီးပွား မြှင့်တင်ဖို့ ဆန်စပါးဖြင့်ကြိုးပမ်းစို့ (Rising with Rice)”ဆိုသည့် ဆောင်ပုဒ်နှင့်အညီ ၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၆ ရက်နှင့် ၇ ရက်တို့တွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် မြန်မာ နိုင်ငံဆန်စပါး အသင်းချုပ်(MRF)တို့ ပူးပေါင်းကျင်းပခြင်းကိုလည်း ကြိုဆိုပါကြောင်း။
  ယခုကျင်းပသည့်ညီလာခံတွင် မြန်မာနိုင်ငံ၏ ဆန်စပါးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး အတွက် ဆက်လက်ဆောင်ရွက်သင့်သည့် လုပ်ငန်းစဉ်များ၊ တွေ့ကြုံနေရသည့် အခက်အခဲများနှင့် ဆန်စပါးကဏ္ဍ၏ အနာဂတ်ဦးတည်ချက်လားရာများကို လေ့လာ သုံးသပ်ပြီး အမျိုးသားပို့ကုန်မဟာဗျူဟာနှင့်အညီ ဆန်စပါးစိုက်ပျိုးထုတ်လုပ်၊ ကြိတ်ခွဲ၊ သိုလှောင်၊ တင်ပို့ရောင်းချခြင်း တန်ဖိုးကွင်းဆက်တစ်လျှောက် ဆောင်ရွက်ရမည့် လုပ်ငန်းများ၊ ပြုပြင်ပြောင်းလဲပြင်ဆင်ရမည့် လုပ်ငန်းအစီအစဉ်များ၊ အစိုးရနှင့်ပုဂ္ဂလိ က ကဏ္ဍများမှ ဆောင်ရွက်ရမည့်လုပ်ငန်းအစီအစဉ်များကို ဆွေးနွေးဖော်ထုတ် သွား ကြရန် တိုက်တွန်းလိုပါကြောင်း၊ မြန်မာ့ဆန်စပါးညီလာခံကို အစိုးရ-ပုဂ္ဂလိက ဆွေးနွေးပွဲ (Public-Private Dialogue) ပုံစံဖြင့် ဆောင်ရွက်သွားမည် ဖြစ်သည့် အတွက် ဆန်စပါးနယ်ပယ်အတွင်းတွင် ကွဲပြားသည့် လုပ်ငန်းတာဝန်များနှင့် ပါဝင် လျက်ရှိသူများအနေဖြင့် ဆွေးနွေးမှုများကတစ်ဆင့် ဆန်စပါး ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး အတွက် တူညီသည့် ဦးတည်ချက်များ ချမှတ်သွားနိုင်လိမ့်မည်ဟုလည်း မျှော်လင့်မိပါကြောင်း။
  ယနေ့ နိုင်ငံတော်အစိုးရအနေဖြင့် တိုင်းပြည်သာယာဝပြောရေးနှင့် စားနပ်ရိက္ခာ ဖူလုံရေးဆိုသည့် အမျိုးသားရေးလုပ်ငန်းစဉ် (၂) ရပ်ကို ချမှတ် ဆောင်ရွက်လျက် ရှိပါ ကြောင်း၊ မိမိတို့နိုင်ငံ၏လူဦးရေ ၇၀ ရာခိုင်နှုန်းခန့်သည် လယ်ယာလုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်းပြုနေကြပြီး စိုက်ပျိုးမွေးမြူရေးကိုအခြေခံ၍ နိုင်ငံ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်နေသော နိုင်ငံဖြစ်သည့်အတွက် နိုင်ငံတော်အစိုးရက လည်း နိုင်ငံသူ နိုင်ငံသားများအားလုံး စားရေရိက္ခာဖူလုံရေး၊ အာဟာရပြည့်ဝစွာရရှိရေး၊ အစားအစာဘေးကင်းလုံခြုံမှု ရှိစေရေးတို့ကို ဦးစားပေးဆောင်ရွက်ပေးလျက်ရှိပါ ကြောင်း၊ ဆန်စပါးသည် အဓိကစိုက်ပျိုးထုတ်လုပ်သည့် သီးနှံဖြစ်ပြီး သီးနှံစိုက်ပျိုး ဧရိယာအားလုံး၏ ၃၄ ရာခိုင်နှုန်းခန့်ရှိပါကြောင်း။
  ၂၀၂၀-၂၀၂၁ ခုနှစ်တွင် စုစုပေါင်း စပါးစိုက်ပျိုးဧက ၁၇ သန်းခန့် စိုက်ပျိုးနိုင်ခဲ့ပြီး ၂၀၂၁-၂၀၂၂ ခုနှစ်တွင် မိုးစပါးစိုက်ဧက ၁၅ သန်းခန့်နှင့် နွေစပါးစိုက်ဧက ၂ ဒသမ ၄ သန်း၊ စုစုပေါင်းစပါးစိုက်ပျိုးဧက ၁၇ ဒသမ ၄ သန်းခန့် စိုက်ပျိုးနိုင်ခဲ့ပါကြောင်း။ တိုင်းပြည်၏အဓိကသီးနှံဖြစ်သည့် စပါး ၁ ဧက ထွက်နှုန်းကို ရည်မှန်းချက်ဖြစ်သည့် တင်း ၁၀၀ ထွက်ရှိနိုင်ရေးကို ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားကြရန် လိုအပ်ပါ ကြောင်း၊ မိမိတို့နိုင်ငံသားများ တစ်နှစ်ကိုဆန်စားသုံးမှု ၁၅၅ ကီလိုဂရမ်၊ တစ်နည်း အားဖြင့် ၉၇ ပြည်ခန့် စားသုံးမှုရှိသည့်အတွက် နိုင်ငံအတွင်း စားသုံးမှုသည်လက်ရှိ စပါးစိုက်ပျိုးမှုနှင့် ဖူလုံပိုလျှံမှုရှိပါကြောင်း၊ လက်ရှိစပါးစိုက်ပျိုးဧကအတိုင်း သီးထပ် အပြည့် အဝစိုက်ပျိုးနိုင်မည်ဆိုပါက များစွာပိုလျှံပြီး ပြည်ပသို့ပိုမိုတင်ပို့နိုင်မည်ဖြစ် ကြောင်း၊ ထို့ကြောင့် စပါးစိုက်ဧကတိုးချဲ့ရေးထက် လက်ရှိစပါးစိုက်မြေများတွင် စပါးပြီးစပါး၊ စပါး ပဲ စပါး၊ စပါး နေကြာ စပါး စသဖြင့် မိမိတို့နှစ်သက်ရာသီးနှံများဖြင့် တွဲဖက်ပြီး သီးထပ်အဖြစ် စိုက်ပျိုးသွားကြရန် တိုက်တွန်းလိုပါကြောင်း၊ ထုတ်လုပ်မှုရှိမှ သာ ထုတ်ကုန်ပစ္စည်းရှိပြီး ရောင်းကုန်ပစ္စည်းလည်း ရရှိလာမည်ဖြစ်ကြောင်း။
  ထို့ပြင် ပြည်တွင်းဆန်ရိက္ခာဖူလုံပိုလျှံပြီး ပြည်ပသို့ ပိုမိုတင်ပို့နိုင်ရေးအတွက် လည်း စပါးစိုက်ဧကများတိုးချဲ့ခြင်းထက် တစ်ဧကအထွက်နှုန်း တိုးတက်မှုဖြစ်စေရေး ထိထိ ရောက်ရောက်ကြိုးပမ်းကြရန် အရေးကြီးကြောင်း။
စပါးစိုက်ပျိုးရာတွင် မျိုးကောင်းမျိုးသန့်ရွေးချယ်စိုက်ပျိုးနိုင်ရန် အရေးကြီးသည် ကို အားလုံးအသိပင်ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံတွင်စပါးမျိုး ၉၀ ကျော် စိုက်ပျိုးလျက် ရှိရာတွင် ပြည်တွင်းဈေးကွက်အကြိုက် စပါးမျိုး ၅၀ ခန့်နှင့် ပြည်ပဈေးကွက်အကြိုက် စပါးမျိုး ၂၀ ကျော်ရှိပါကြောင်း၊ စိုက်ပျိုးထုတ်လုပ်သူ တောင်သူများအနေဖြင့် စပါးမျိုး မြောက်မြားစွာ စိုက်ပျိုးနေမည့်အစား ရေလိုအပ်ချက်နည်းပြီး ရေကြီးနစ်မြုပ်မှုဒဏ်၊ ပိုးမွှားဒဏ်ခံနိုင်သည့် ဒေသ ရေမြေ ရာသီဥတုနှင့် ကိုက်ညီသောဈေးကွက်ဝင် မျိုးကောင်း မျိုးသန့်စပါးမျိုးများကို ရွေးချယ်စိုက်ပျိုးရန်လိုအပ်ပြီး ပြည်တွင်းဆန်စပါး စိုက်ပျိုး ထုတ်လုပ်မှုတွင် မျိုးသန့်စိုက်ပျိုးသည့် ဓလေ့မှ အရည်အသွေးကောင်းသည့် မျိုးစေ့များ ဝယ်ယူသုံးစွဲစိုက်ပျိုးနိုင်သည့် အခြေအနေရောက်ရှိနိုင်ရန်ကိုလည်း ကြိုးပမ်း ရမည်ဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်ရတာတွင် မျိုးစေ့ထုတ်ကုမ္ပဏီများ၏ အခန်း ကဏ္ဍကိုလည်း မြှင့်တင်ဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း။
  စိုက်ပျိုးထုတ်လုပ်သူများ အနေဖြင့်လည်း ‌မျိုးကောင်းမျိုးသန့်များရွေးချယ် အသုံးပြုခြင်းနှင့်အတူ ဓာတ်မြေဩဇာ၊ သဘာဝမြေဩဇာ၊ ဇီဝမြေဩဇာတို့ကို ရောနှော ရောစပ်အသုံးပြုခြင်း၊ စိုက်ပျိုးရေးနှင့် မွေးမြူရေး တွဲဖက်လုပ်ကိုင်ဆောင်ရွက်နိုင်မည့် နည်းလမ်းများကို ကျင့်သုံးဆောင်ရွက်ခြင်း တို့ကိုလည်း ထည့်သွင်း စဉ်းစား ဆောင်ရွက်သင့်သည်ကို အကြံပြုတိုက်တွန်း လိုပါကြောင်း။
  မကြာမီရောက်ရှိတော့မည့် နွေစပါးရာသီအတွက် ဧက ၈ ဒသမ ၅ သိန်းတွင် အကျိုးတူလယ်ယာစနစ် (Contract Farming) ဆောင်ရွက်ရန်အတွက် နိုင်ငံတော်က တစ်ဧကကိုကျပ် ၂ သိန်းနှုန်းဖြင့် အထူးချေးငွေစီစဉ်ပေးမည်ဖြစ်ပြီး ဆန်စပါးသီးနှံ အတွက် ငွေကျပ် ၁၄၀ ဘီလီယံအထိ ထောက်ပံ့ပေးအပ်သွားရန် စီစဉ်ပေးထား ပါကြောင်း၊ အဆိုပါထောက်ပံ့မှုများသည် မျိုး၊ မြေဩဇာ စသည့် သွင်းအားစုအတွက် ထောက်ပံ့မှုဖြစ်ပြီး သက်ဆိုင်သူအားလုံးက အကျိုးရှိစေရေး စနစ်တကျပူးပေါင်း ဆောင်ရွက်ရန် လိုအပ်ပါကြောင်း။
  ဆန်စပါးစိုက်ပျိုးထုတ်လုပ်ရာတွင် အရည်အသွေးကောင်းသည့် စပါးများ ထွက်ရှိ ရန်လိုသကဲ့သို့ ထွက်ရှိလာသည့်စပါးကို ကြိတ်ခွဲရာတွင်လည်း သန့်ရှင်းပြီး အဆင့် အတန်းမီသည့် ဆန်များရရှိရန်လိုအပ်မည်ဖြစ်ပါကြောင်း၊ နိုင်ငံတကာ ဆန်ဈေးကွက် တွင် ဈေးနှုန်းဈေးကွက် (Price Market)နှင့် အရည်အသွေးဈေးကွက် (Quality Market) ဟူ၍ ဈေးကွက်နှစ်မျိုးရှိရာတွင် မြန်မာနိုင်ငံအနေဖြင့် ကြိတ်ခွဲထုတ်လုပ်မှု အပိုင်းတွင် ခေတ်မမီသည့်အတွက်ကြောင့် ရှေးယခင်ကတည်းကပင် ဈေးကောင်း မရရှိသည့် တန်းနိမ့်ဆန်များကို ဦးစားပေးတင်ပို့ခဲ့ရသည့် အခြေအနေမှ ယနေ့ကာလ တွင် အရည်အသွေး ပိုမိုကောင်းမွန်သည့်ဆန်များကို တိုးမြှင့်တင်ပို့လာနိုင်သည့် အခြေအနေကို စတင်ပြောင်းလဲရောက်ရှိလာသည်ကို တွေ့ရှိရပါကြောင်း။
  ယနေ့ ဆန်စပါးလုပ်ငန်းတွင် ဆန်အရည်အသွေးနှင့်ပတ်သက်၍ ကြုံတွေ့နေရ သော ပြဿနာများဖြစ်သည့် ဆန်နီစပါးများခြင်း၊ မျိုးရောနှောခြင်း၊ မျိုးကွဲများပြား ခြင်း၊ ဆန်စပါးအရွယ်အစားသည် စားသုံးသူများအတွက် ဆွဲဆောင်မှုအားနည်းခြင်း၊ ဆန်အရောင်အသွေးမလှပခြင်း၊ ဆန်အရည်အသွေး အားနည်းခြင်းများသည် ဈေးကွက် ကို များစွာထိခိုက်စေပါကြောင်း၊ ထို့ကြောင့် အဆိုပါ စိန်ခေါ်မှုများကို စိုက်ပျိုး ထုတ်လုပ်မှုအပိုင်းက ပြုပြင်ပြောင်းလဲရမည့် ဆောင်ရွက်မှုများ လိုအပ် သလို ကြိတ်ခွဲထုတ်လုပ်မှုအပိုင်းကလည်း ပြောင်းလဲဆောင်ရွက်ရမည့် လုပ်ငန်းများနှင့် ပေါင်းစပ်လုပ်ဆောင်ကြမယ်ဆိုပါက မြန်မာ့ဆန် ဈေးကွက်ဝင်ရောက်မှုသည် သိသာစွာ တိုးတက်ဖြစ်ပေါ်လာမည်ဖြစ်ပါကြောင်း။
  ထို့ကြောင့် ပြည်ထောင်စုအစိုးရ၏ ဦးဆောင်မှုဖြင့် စီမံဆောင်ရွက်သည့် မူဝါဒနှင့် လုပ်ငန်းစဉ်များ လိုအပ်သကဲ့သို့ တိုင်းဒေသကြီး ပြည်နယ်အစိုးရများအနေဖြင့် ဆန်ကြိတ်ခွဲထုတ်လုပ်မှုကဏ္ဍများတွင် ရင်းနှီးမြှုပ်နှံမှုများ တိုးတက်လာစေရေး အထူး အလေးပေး ဆောင်ရွက်ကြရန် အလေးအနက်ထား မှာကြားလိုပါကြောင်း။
  မြန်မာနိုင်ငံ လွတ်လပ်ရေးမရရှိမီကာလက ဆန်တင်ပို့မှုတွင် ကမ္ဘာ့ထိပ်တန်း နိုင်ငံအဖြစ် ရပ်တည်နိုင်ခဲ့ပါကြောင်း၊ ၁၉၃၀ ပြည့်နှစ်ဝန်းကျင်တွင် ပြည်ပကို ဆန်တန် ချိန် ၃ ဒသမ ၅ သန်းအထိ တင်ပို့နိုင်ခဲ့ပြီး ကမ္ဘာ့ဆန်အများဆုံးတင်ပို့သည့် နိုင်ငံ အဖြစ်ရပ်တည်ခဲ့ခြင်းမှ တဖြည်းဖြည်း ပြည်ပတင်ပို့နိုင်မှု ကျဆင်းခဲ့ပြီး ၂၀၀၁ - ၂၀၀၂ ဘဏ္ဍာနှစ်မှစတင်၍ ပြည်ပတင်ပို့နိုင်မှု ပြန်လည်တိုးတက်လာခဲ့ကြောင်း၊ ၂၀၁၇ - ၂၀၁၈ ဘဏ္ဍာနှစ်တွင် တန်ချိန် ၃ ဒသမ၆သန်းကို နိုင်ငံ ၆၄ နိုင်ငံထိ ပြန်လည်တင်ပို့ နိုင်ခဲ့သည်ကို တွေ့ရပါကြောင်း။
လက်ရှိ ၂၀၂၂ - ၂၀၂၃ဘဏ္ဍာနှစ် ၆ လတာကာလအတွင်း ဆန်တန်ချိန် ၅ သိန်း ကျော်နှင့် ဆန်ကွဲတန်ချိန် ၃ ဒသမ ၆ သိန်း၊ စုစုပေါင်းတန်ချိန် ၈ ဒသမ ၆ သိန်းကျော် ကိုနိုင်ငံ ၃၈ နိုင်ငံကိုတင်ပို့နိုင်ခဲ့ပြီး ယခင်နှစ်ကာလတူထက် ဆန် ၊ ဆန်ကွဲ တန်ချိန် ၂ သိန်းကျော် ပိုမိုတင်ပို့နိုင်သည်ကိုတွေ့ရပါကြောင်း၊ ဆန်အရည်အသွေး ကောင်းမွန်ရေးသည် ပြည်ပဆန်တင်ပို့မှု တွင် အ‌ရေးပါပြီး အချို့ပြည်ပနိုင်ငံများကို ပေါင်းဆန်တင်ပို့ရာတွင် တစ်တန်လျှင် အမေရိကန် ဒေါ်လာ ၄၆၀ မှ ၅၀၅ အထိ ဈေးရရှိသည်ကိုတွေ့ရပါကြောင်း၊ ဘဏ္ဍာနှစ် ၆ လပတ်အတွင်း ဆန်တင်ပို့မှု တန်ချိန် ၈ ဒသမ ၆ သိန်းအနက်ပေါင်းဆန် ၅ ရာခိုင်နှုန်း၊ ဆန်ကွဲ ၄၂ ရာခိုင်နှုန်း၊ ပုံမှန်ဆန်တင်ပို့မှု ၅၃ ရာခိုင်နှုန်း ဖြစ်နေသည့်အတွက် အခုကဲ့သို့ ပြည်ပပို့ ကုန်အလားအလာ ကောင်းမွန်နေသည့် အခြေအနေတွင်ပြည်တွင်းဆန် ထုတ်လုပ်မှု တိုးတက်ရေး၊ အရည်အသွေးမြင့်မားရေးကို ယခုညီလာခံတွင် ဝိုင်းဝန်း အကြံပြု ဆွေးနွေးပေးစေလိုပါကြောင်း။
  မြန်မာ့ဆန်ကို လွန်ခဲ့သည့်ကာလများက အာဖရိကနှင့် ဥရောပနိုင်ငံများကို အများအပြားတင်ပို့ရောင်းချနိုင်ခဲ့ရာမှ ယခုအခါအာရှဈေးကွက်ကို ပိုမိုတင်ပို့လာသည် အထိ စျေးကွက်ကျယ်ပြန့် ပြောင်းလဲလာမှုကိုလည်း တွေ့ရှိရပါကြောင်း၊ ထို့ကြောင့် ဈေးကွက်အသစ်များကို ရှာဖွေတင်ပို့ရန်လိုအပ်သကဲ့သို့ မူလရရှိပြီးသား ဈေးကွက်များ ကိုလည်း ရေရှည်ဆက်လက် တင်ပို့နိုင်အောင် ကြိုးပမ်းဆောင်ရွက်သွားရန် လိုအပ်ပါ ကြောင်း၊ ထို့ကြောင့် မြန်မာ့ဆန်ကို ဝယ်ယူနေသည့်နိုင်ငံများထဲတွင် ယခင် ၃/၄ နှစ် ကဝယ်ယူမှုရှိပြီး လက်ရှိပျောက်ကွယ်နေသည့် အာဖရိကနှင့် တောင်အာရှှစျေးကွက် များကိုလည်း ဆန်ပြန်လည်တင်ပို့ ရောင်းချနိုင်ရေးနှင့် ဈေးကွက်ပြန်လည်ရရှိရေး အတွက် မြန်မာနိုင်ငံဆန်စပါး အသင်းချုပ်နှင့် ညီနောင်အသင်းများ၊ ဌာနဆိုင်ရာများ ဘက်ကပါ ကြိုးပမ်းဆောင်ရွက်သွားရန် မှာကြားလိုပါကြောင်း။
  ဆန်ပို့ကုန်တိုးမြှင့်တင်ပို့နိုင်ရန် ကြိုးပမ်းမှုအနေဖြင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ တတိယအကြိမ်အဖြစ် ဆန်တန်ချိန် ၂ သိန်း ရောင်းချနိုင်ရန် ဆောင်ရွက်လျက်ရှိပြီး တန်းမြင့်ဆန်တစ်ချို့ကိုလည်း အာဖရိကနိုင်ငံသာမ ကတရုတ်ပြည်သူ့သမ္မတ နိုင်ငံကို ပါတိုးမြှင့်တင်ပို့နိုင်ရန် ဆောင်ရွက်လျက်ရှိပါကြောင်း။
  ထို့ကြောင့် နိုင်ငံတကာဈေးကွက် အ‌ခြေအနေများကိုလည်း မျက်ခြည် မပြတ် လေ့လာသုံးသပ်ပြီး၊ ပြည်တွင်းစားနပ်ရိက္ခာဖူလုံရေးနှင့် ပိုလျှံမှုကို ပြည်ပသို့ စနစ်တကျ တိုးချဲ့တင်ပို့နိုင်ရေးကို အလေးထားပြီး စီစဉ်လုပ်ဆောင်သင့်သည်ကို တိုက်တွန်းလိုပါ ကြောင်း၊ အရည်အသွေးကောင်း တန်းမြင့်ဆန်များ ပိုမိုထုတ်လုပ်ပြီးတင်ပို့ရောင်းချမှုမှ ဝင်ငွေတိုးတက်ရရှိမည်ဖြစ်သည့်အတွက် ကြိုးပမ်းလုပ်ဆောင်ကြရန် တိုက်တွန်းလို ပါကြောင်း။
  ဆန်စပါးလုပ်ငန်း၏ ဘေးထွက်ပစ္စည်းများ၊ စွန့်ပစ်ပစ္စည်းများမှ တန်ဖိုးမြှင့် ထွက်ကုန်များ ထုတ်လုပ်နိုင်အောင် စနစ်တကျစီမံလုပ်ဆောင်သင့်ပါကြောင်း၊ ဆန်စပါး လုပ်ငန်းကို ပို့ကုန်မြှင့်တင်ရေးအတွက်သာမက သွင်းကုန်အစားထိုးရေးအတွက်ပါ မဟာဗျူဟာမြောက် စဉ်းစားဖော်ဆောင်နိုင်ပါကြောင်း၊ ဘေးထွက်ပစ္စည်းဖြစ်သည့် တိရစ္ဆာန်အစာအဖြစ်သာ အသုံးဝင်သည့်ဖွဲနုကို သွင်းကုန်အစားထိုး ကျန်းမာရေး အထောက်အကူပြုနိုင်သည့် တန်ဖိုးမြင့် ဖွဲနုဆီထုတ်ယူပြီး ပြည်တွင်းစားသုံးဆီ လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ပါက ပြည်ပမှဆီတင်သွင်းမှု လျှော့ချနိုင်မည် ဖြစ်သဖြင့့်် ဖွဲနုဆီစက်များ တည်ဆောက်လည်ပတ်နိုင်ရေးအတွက် ပုဂ္ဂလိက၊ အစိုးရ၊ အသင်းအဖွဲ့ စသည့် ကဏ္ဍအသီးသီးမှ ကဏ္ဍအလိုက် ဆောင်ရွက်သင့်သည်များကို ဆွေးနွေးဖော်ထုတ်ပေးကြရန် တိုက်တွန်းလိုပါကြောင်း။
နှစ်စဉ်ဆန်စပါးထုတ်လုပ်မှုမှ ၈၀ ရာခိုင်နှုန်းခန့်သည် ပြည်တွင်းရှိ လုပ်သား ပြည်သူများ၊ တောင်သူလယ်သမားများအပါအဝင် လူထုတစ်ရပ်လုံး၏ စားသုံးမှု၊ အခြားမုန့်ပဲသရေစာများ ထုတ်လုပ်မှုတွင် အသုံးချလျက်ရှိပြီး ၂၀ ရာခိုင်နှုန်းခန့်ကိုသာ ပြည်ပတင်ပို့မှု ဆောင်ရွက်နေခြင်းကြောင့် ပြည်တွင်းစားသုံးမှု၊ ဆန်စပါးဈေးကွက် တည်ငြိမ်ရေးကိုလည်း အစိုးရ - ပုဂ္ဂလိက တောင်သူလယ်သမားများ ပူးပေါင်း ဆောင်ရွက်ရန်လိုအပ်ပါကြောင်း၊ တောင်သူလယ်သမားများ အနေဖြင့်လည်း သွင်းအား စု ကုန်ကျစရိတ်များနှင့် လျော်ညီသည့်စပါးဈေးနှုန်းများရရှိရန် လိုအပ်မည်ဖြစ်သကဲ့သို့ စားသုံးသူ လုပ်သားပြည်သူများအတွက်လည်း သင့်တင့်သည့် ဆန်ဈေးနှုန်းများနှင့် ဝယ်ယူစားသုံးနိုင်ရေး၊ နိုင်ငံခြားပို့ကုန်ကိုလည်း စဉ်ဆက်မပြတ်တင်ပို့နိုင်ရေး သုံးဘက် ညီလုပ်ငန်းစဉ်များကို သက်ဆိုင်ရာဝန်ကြီးဌာနများ၊ တိုင်းဒေသကြီး/ပြည်နယ် အစိုးရ များနှင့် ဆန်စပါးဆိုင်ရာအသင်းအဖွဲ့များအားလုံး ဟန်ချက်ညီညီ ဝိုင်းဝန်းဆောင်ရွက် ကြရန် တိုက်တွန်းမှာကြားလိုပါကြောင်း။
  အနာဂတ်တွင် ဆန်စပါးကဏ္ဍ ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် ရိတ်သိမ်း ချိန်မတိုင်မီ စိုက်ပျိုးထုတ်လုပ်မှု (Pre-Harvest) ကဏ္ဍတွင် တောင်သူလယ်သမားများ အတွက် ရာသီဥတုနှင့် သဘာဝဘေးအန္တရာယ်များမှ ကာကွယ်ပေးသည့် သီးနှံအာမခံ စနစ်များ အမြန်ဆုံးအကောင်အထည်ဖော်ဆောင်ရွက်ရေး၊ ဒေသရေမြေ၊ ရာသီဥတုနှင့် ကိုက်ညီပြီး ဈေးကွက်ဝင်အထွက်ကောင်း မျိုးကောင်းမျိုးသန့်များကို မျိုးအရေအတွက် နည်းနည်း ပမာဏများများဖြင့် ရွေးချယ်စိုက်ပျိုးစေရေး၊ ပြည်တွင်းစားသုံးရန်နှင့် ပြည်ပတင်ပို့ရန် စပါးမျိုးများကို စနစ်တကျရွေးချယ်ပြီး၊ စိုက်ပျိုးရာတွင်လည်း ဒေသ အလိုက် ဇုန်များသတ်မှတ်ပြီး စိုက်ပျိုးထုတ်လုပ်ရေး၊ စိုက်ပျိုးထုတ်လုပ်သူ တောင်သူ လယ်သမားများနှင့် ပြည်ပတင်ပို့သူ ကုမ္ပဏီများအကြား အကျိုးတူလယ်ယာ စနစ် (Contract Farming)ဖြင့် တစ်ဧက အထွက်နှုန်းတိုးတက်ပြီး ဝင်ငွေ တိုးတက်ရေးနှင့် ကုန်ထုတ်လုပ်မှုတိုးတက်ရေး၊ ဆန်စပါးအထူးပြုကုမ္ပဏီကြီးများ ထူထောင်ပြီး တန်ဖိုး ကွင်းဆက် (Value Chain)တစ်လျှောက် စနစ်တကျထိရောက်စွာ စိုက်ပျိုးထုတ်လုပ် ဆောင်ရွက်နိုင်ရေးတို့အတွက် လိုအပ်ချက်များကို ဝိုင်းဝန်းအဖြေရှာ ဆွေးနွေးကြရန် မှာကြားလိုပါကြောင်း။
  ရိတ်သိမ်းချိန်လွန် (Post-Harvest) ကဏ္ဍတွင်လည်း စပါးအရည်အသွေး ထိန်းသိမ်းနိုင်ရေးအတွက် စပါးအခြောက်ခံစက်များ တိုးမြှင့်ထုတ်လုပ်အသုံးပြုနိုင်ရေး၊ ပြည်ပတင်ပို့ရာတွင် ဈေးကောင်းရရှိသည့် တန်းမြင့်ဆန် ကြိတ်ခွဲထုတ်လုပ်နိုင်သည့် ဆန်စက်များ တိုးတက်များပြားလာစေရေး၊ အရည်အသွေးကောင်းဆန်များကို အရေ အတွက် ပိုမိုထုတ်လုပ်နိုင်ပြီး ပြည်ပဈေးကွက်ကို တိုးတက်တင်ပို့နိုင်‌ရေး၊ ဆန်စပါး ကဏ္ဍတွင် ဒီဂျစ်တယ်နည်းပညာများ ထိရောက်စွာ အသုံးပြုနိုင်ရေးတို့အတွက် ကျယ်ကျယ် ပြန့်ပြန့်ဆွေးနွေးကြပြီး ဆက်လက်ဆောင်ရွက်ရမယ့် လုပ်ငန်းစဉ်များ ချမှတ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်ပေးကြရန် တိုက်တွန်းပြောကြားလိုပါကြောင်း။
  ယနေ့တက်ရောက်လာသည့် ဆန်စပါးနယ်ပယ်မှ အတွေ့အကြုံရှိသည့် ဘာသာ ရပ်ဆိုင်ရာ ဆန်စပါးပညာရှင်များ၊ ပုဂ္ဂလိကကဏ္ဍ နယ်ပယ်အသီးသီးမှ ပါဝင်တက် ရောက်သူများ၊ ဆန်စပါးကဏ္ဍနှင့်ဆက်စပ်လျက်ရှိသည့် ဝန်ကြီးဌာနအသီးသီးမှ တာဝန်ရှိသူများအပြင် ပြည်ပမှလာရောက်သည့် ဆန်စပါးပညာရှင်လည်း ပါဝင် တက်ရောက်ကြောင်း သိရှိရသည့်အတွက် အရည်အသွေးကောင်းမွန်သည့် ဆန်စပါး ထုတ်လုပ်နိုင်ရေး၊ အရေအတွက်ပမာဏ ပိုမိုထုတ်လုပ်နိုင်ခြင်းဖြင့် ပြည်ပနိုင်ငံများကို ပိုမိုတင်ပို့ရောင်းချနိုင်ရေးတို့အတွက် ထိထိရောက်ရောက် ဆွေးနွေးဆောင်ရွက်နိုင်လိမ့် မည်ဟုလည်း မျှော်လင့်မိပါကြောင်း၊ မြန်မာ့ဆန်စပါးကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေး အတွက် ရေတို၊ ရေရှည်စီမံကိန်း၊ စီမံချက်များဖြင့် ဆောင်ရွက်သွားရမည့် သုံးသပ် အကြံပြုချက်များကိုလည်း ဖော်ထုတ်ပေးကြရန် တိုက်တွန်းပြောကြားလိုပါကြောင်း။
  မြန်မာနိုင်ငံသည် ကမ္ဘာ့အလယ်တွင် တစ်ချိန်က ဆန်အများဆုံးတင်ပို့သည့် နိုင်ငံအဖြစ်မှတ်တမ်းတင်ခံခဲ့ရသော နိုင်ငံဖြစ်သည့်အတွက် ယခင်အခြေအနေကို ပြန်လည်ရောက်ရှိအောင် စိုက်ပျိုးသူ လယ်သမားကြီးများ၊ သိုလှောင်ကြိတ်ခွဲသူများ၊ ကုန်သည်ကြီးများ၊ ပြည်ပတင်ပို့သည့်ကုမ္ပဏီများ၊ တစ်ဆင့်ခံရောင်းဝယ်သူများ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်၊ မြန်မာနိုင်ငံဆန်စပါး အသင်းချုပ်နှင့် ဆန်စပါးနယ်ပယ်မှ အသင်းအဖွဲ့များ က သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် တက်ညီလက်ညီ ပူးပေါင်းဆောင်ရွက်သွားကြရန် နှင့် မြန်မာနိုင်ငံဆန်စပါးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံ‌တော်အနေဖြင့် လိုအပ်ချက်များကို ပံ့ပိုးကူညီဆောင်ရွက်ပေးသွားမည်ဖြစ်‌ကြောင်းပြောကြားသည်။
  ထို့နောက် ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးအောင်နိုင်ဦး၊ ဦးတင်ထွဋ်ဦး နှင့် ဦးလှမိုးတို့က မြန်မာ့ဆန်စပါးညီလာခံ ၂၀၂၂ အခမ်းအနား ကျင်းပပြုလုပ်ရခြင်း နှင့်စပ်လျဉ်း၍ အသီးသီးရှင်းလင်းတင်ပြကြသည်။
  ယင်းနောက် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ဥက္ကဋ္ဌ ဦးရဲမင်းအောင် က “နိုင်ငံ့ စီးပွားမြှင့်တင်ဖို့၊ ဆန်စပါးဖြင့် ကြိုးပမ်းစို့” ခေါင်းစဉ်ဖြင့် တင်ပြဆွေးနွေးသည်။
တင်ပြဆွေးနွေးမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က စိုက်ပျိုးရေးလုပ်ငန်းများ ဆောင်ရွက် ရာတွင် မျိုး၊ မြေ၊ ရေနှင့် နည်းပညာများလိုအပ်မှု၊ မျိုးကောင်းမျိုးသန့်များ ရရှိရေး အတွက် နိုင်ငံတော်အစိုးရမှ ဆောင်ရွက်လျက်ရှိသကဲ့သို့ ပုဂ္ဂလိက ကဏ္ဍမှလည်း ကြိုးပမ်းဆောင်ရွက်ရန်လိုအပ်မှု၊ စိုက်ပျိုးမြေများကို စက်ကိရိယာများအသုံးပြု စိုက်ပျိုး နိုင်ရေးအတွက် စနစ်တကျပြုပြင်ဆောင်ရွက်ရန် လိုအပ်မှု၊ ဓာတ်မြေဩဇာများ လုံလောက်စွာရရှိရေးအတွက် နိုင်ငံတော်အစိုးရမှ ကြိုးပမ်းဆောင်ရွက်လျက် ရှိသကဲ့သို့ စိုက်ပျိုးတောင်သူများအနေဖြင့်လည်း မွေးမြူရေးလုပ်ငန်းများမှ ထွက်ရှိလာသည့် ဇီဝ မြေဩများကဲ့သို့သော သဘာဝမြေဩဇာများကို အသုံးပြုဆောင်ရွက်ရန်လိုအပ်မှု၊ စိုက်ပျိုးရေနှင့် အောင်ရေများလုံလောက်စွာရရှိရေးအတွက် မြစ်ရေတင်လုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်ရန်လိုအပ်မှု၊ ဆန်စပါးများ အရည်အသွေး ပြည့်မီစွာ ထုတ်လုပ်၍ ပြည်တွင်းဈေးကွက်နှင့် ပြည်ပဈေးကွက်များသို့ ရောင်းချနိုင်ရေး ဈေးကွက်ရှာဖွေခြင်းနှင့် ဈေးကွက်ထိန်းသိမ်းခြင်း လုပ်ငန်းများဆောင်ရွက်ရန် လိုအပ် မှု၊ ဆန်စပါးစိုက်ပျိုးထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော်မှ အားပေးပံ့ပိုး ကူညီဆောင်ရွက်ပေးနေမှု အခြေအနေများနှင့် စပ်လျဉ်း၍ အကျယ်တဝံ့ရှင်းလင်း ပြောကြားသည်။
  ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် နှင့် အခမ်းအနား တက်ရောက်လာကြသူများသည် စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးကြသည်။
  ယင်းနောက် မြန်မာနိုင်ငံဆန်စပါးအထူးပြု ပြခန်းများအတွင်း မြန်မာနိုင်ငံမှ ထွက်ရှိသည့် ဆန်၊ စပါးများနှင့် မြေဩဇာများ ပြသထားရှိမှုကို လှည့်လည်ကြည့်ရှု အားပေးခဲ့သည်။
  အဆိုပါ မြန်မာ့ဆန်စပါး ညီလာခံ ၂၀၂၂ (Myanmar Rice Conference – 2022) ကို အောက်တိုဘာ ၆ ရက်မှ ၇ ရက်အထိကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး ညီလာခံ အတွင်း ဆန်စပါးစိုက်ပျိုးထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်ရေး၊ ဆန်စပါးဝယ်ယူ၊ သိုလှောင် ကြိတ်ခွဲခြင်းနှင့် တန်ဖိုးမြှင့်တင်ခြင်းလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး၊ ဆန်စပါး ကုန်သွယ်မှုနှင့် ပို့ကုန်မြှင့်တင်ရေးကဏ္ဍ တို့နှင့်စပ်လျဉ်း၍ ဆွေးနွေးခြင်းများ ပြုလုပ် သွားမည်ဖြစ်ကြောင်းသတင်းရရှိသည်။ 

Agency Department of Trade
Category General