သီရိလင်္ကာနိုင်ငံသို့ ဆန်လှူဒါန်းနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ လှူဒါန်းမှုကြီးကြပ်ရေးအဖွဲ့ ခေါင်းဆောင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးညွန့်အောင် တက်ရောက်အမှာ စကားပြောကြား

     ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၁၃ ရက်နေ့၊ (၁၀:၃၀) နာရီအချိန်တွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ Virtual စနစ်ဖြင့် ကျင်းပပြုလုပ်ခဲ့သည့် သီရိလင်္ကာနိုင်ငံသို့ ဆန်လှူဒါန်းနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ လှူဒါန်းမှု ကြီးကြပ်ရေးအဖွဲ့ခေါင်းဆောင်၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးညွန့်အောင် တက်ရောက် အမှာစကားပြောကြားခဲ့သည်။

    အစည်းအဝေးတွင် လှူဒါန်းမှုကြီးကြပ်ရေးအဖွဲ့ခေါင်းဆောင်၊ ဒုတိယဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာ လက်ရှိအချိန်၌ သီရိလင်္ကာနိုင်ငံတွင် စီးပွားရေးအကြပ်အတည်းများနှင့် ကြုံတွေ့နေရသည့်အတွက် မြန်မာနိုင်ငံအနေဖြင့် လူသားချင်းစာနာ ထောက်ထားသောအားဖြင့် နိုင်ငံတော်ရံပုံငွေဖြင့် ဆန်တန်ချိန် (၁၀၀၀) လှူဒါန်းနိုင်ရေးအတွက် လှူဒါန်းမှုကြီးကြပ်ရေးအဖွဲ့က စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ လှူဒါန်းမှုလုပ်ငန်းစဉ်များ အဆင်ပြေချောမွေ့စေရေးအတွက် ယနေ့တက်ရောက်လာကြသည့် ဝန်ကြီးဌာနများအနေဖြင့် လှူဒါန်းမည့် ဆန်အမျိုးအစား၊  ဝယ်ယူစုဆောင်းမည့် အစီအစဉ်၊ ကွန်တိန်နာငှားရမ်းမှု၊ ပေးပို့လှူဒါန်းမည့် ကာလ၊ ကုန်ကျစရိတ်များနှင့်စပ်လျဉ်း၍ သက်ဆိုင်ရာကဏ္ဍအလိုက် တင်ပြဆွေးနွေးပေးစေလိုပါကြောင်း၊ လှူဒါန်းမှုလုပ်ငန်းစဉ်များ အဆင်ပြေချောမွေ့စေရေးတို့အတွက် အားလုံးဝိုင်းဝန်းပူးပေါင်းဆောင်ရွက်သွားရမည် ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

    ထို့နောက်တက်ရောက်လာသည့် သက်ဆိုင်ရာဝန်ကြီးဌာနများမှ တာဝန်ရှိသူများနှင့် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ဥက္ကဋ္ဌတို့မှ သီရိလင်္ကာနိုင်ငံသို့ ဆန်လှူဒါန်းနိုင်ရေးနှင့် စပ်လျဉ်းသည့် ကဏ္ဍအလိုက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များအပေါ် ဝိုင်းဝန်းဆွေးနွေး ခဲ့ကြပြီး တင်ပြချက်များအပေါ် ဒုတိယ ဝန်ကြီးက ဖြည့်စွက်ဆွေးနွေးပြောကြားပြီး လိုအပ်သည်များအား ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

   အဆိုပါအစည်းအဝေးသို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန်နှင့် ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဌာန၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီး ဌာနနှင့် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။

Agency Department of Trade
Category General