အရောင်းအဝယ်ဆက်လက်အေးနေတဲ့ ရန်ကုန်ကားဈေးကွက်

နိုဝင်ဘာလနှောင်းပိုင်း ရန်ကုန်မြို့ ကားဈေးကွက်၏ အခြေအနေမှာ ယခင်ရက်သတ္တပတ်များကဲ့သို့ပင် အရောင်းအဝယ်များအေးကာ  သတင်းပေါ်အခြေခံ၍  ဈေးကွက်စောင့်ကြည့်သည့် သဘောသာရှိနေကြောင်းသိရသည်။
နှစ်တစ်နှစ်ကုန်ဆုံးခါနီးဖြစ်၍  ယခင်နှစ်များလိုပင် လာမည့်နှစ်အတွက်မော်ဒယ်သတ်မှတ်ချက်များ ပေါ်ထွက်လာတော့မည်ဖြစ်ကာ ယခုနှစ်မကုန်မီတစ်လကြိုတင်ထုတ်ပြန်ပေးမည်ဖြစ်ကြောင်း ကြားသိရသဖြင့် ဈေးကွက်၊ ဈေးတန်းစောင့် ကြည့်သူများလာသလို ကြိုတင်ခန့်မှန်းသတင်းများအရ တွက်ချက်မှုဖြင့် ဖရီးပါမစ်ကားဟောင်းဝယ်ယူသူများရှိလာသော်လည်း အနည်းအကျဉ်းသာဖြစ်၍ ဈေးကွက်အေးလျက်ရှိကြောင်း သိရသည်။
ကားဈေးကွက်သတင်းများကလည်း တစ်ပတ်နှင့် တစ်ပတ်မရိုးရအောင်ဖြစ်နေ၍ ယခုကာလသည် နှစ်တစ်နှစ်ကုန်ဆုံးခါနီး ဒုတိယနောက်ဆုံးလလည်း ဖြစ်နေသဖြင့် ဈေးကွက်ခန့်မှန်းချက်များ အများအပြားပေါ်ထွက်လာသလို မိုးအကုန်ဆောင်းအကူးရာသီတွင် ယခင်က ကားလေး၊ ကားလတ်များ အဝယ်ရှိသော်လည်းယခုနှစ်တွင် အမေးသာရှိပြီး၊ နယ်ဝယ်လက်လည်း အဆင်းကျဲလာကာ လက်ရှိသုံးလက်စ အက္ခရာတန်းနိမ့်ကားများသာ တစ်စီးစ နှစ်စီးစ အရောင်းအဝယ်ရှိကြောင်းသိရသည်။ယခုအချိန်သည် ကားဝယ်ရောင်းများသာမက လိုအပ်ချက်ဖြင့်  ဝယ်စီးမည့်သူများပါ  အရောင်းအဝယ် မလုပ်နိုင်သေးဘဲ  ထွက်ပေါ်လာမည့်အပြောင်းအလဲကို စောင့်ကြည့်နေကြသဖြင့် ယခုကဲ့သို့ဈေးကွက်အေးနေရခြင်းဖြစ်ပြီး ဈေးကွက်ထဲတွင် အက္ခရာနိမ့်ကားလေးများနှင့် အလဲအထပ်အချို့သာရှိကြောင်း၊ လတ်တလော ဈေးကွက်ရနေသည်မှာ အက္ခရာနိမ့်နံပါတ်အနီတက္ကစီ (အငှားယာဉ်) များသာဖြစ်ပြီး သိန်း ၁၀ဝ နှင့် သိန်း ၁၂၀ ဝန်းကျင်ဈေး တန်းဖြင့် ကားဂရိတ်နှင့်ရုပ်ခံပေါ်မူတည်၍ အရောင်းအဝယ်ဖြစ်နေကြောင်း  ဝါရင့်ယာဉ်ဝယ်ရောင်း ကိုမြင့်ကျော်မှပြောသည်။ကားဈေးကွက် အလှည့်အပြောင်းများကြားထဲမှ  အရောင်းအဝယ်အားအနည်းအကျဉ်းအမြတ်ပေါ်သည်နှင့် ဈေးနှုန်းညှိနှိုင်းရောင်းဝယ်နေကြပြီး လာမည့်
နှစ်အတွက် ဝါရင့်ယာဉ်အကျိုးဆောင်များ သုံးသပ်ချက်မှာ ရန်ကုန်ဈေးကွက်အခြေခံသော ကားဈေးကွက်သည် ရန်ကုန်သို့ကားအဝင်၊ အထွက်မူဝါဒများနှင့် တစ်နည်းနည်းမှီခိုနေရသဖြင့် မြို့တွင်းယာဉ်ကြောကျပ်တည်းမှုကိုပါ အခြေခံစဉ်းစားနေရသော မော်တော်ယာဉ်တင်သွင်းမှု မူဝါဒအရ မည်သို့သတ်မှတ်သည်ဖြစ်စေ ကားအမျိုးအစားအလိုက် ဈေးတန်းများလိုက်လံမြင့်တက်လာဖွယ်ရှိကြောင်း ၎င်းတို့မှပြောသည်။                                                                               

SN

Agency Ministry of Foreign Affairs
Category General