ရော်ဘာကဏ္ဍပြန်လည်ထူထောင်ရေးသို့ သက်ဆိုင်သူများပေါင်းစုံပါဝင်သည့် အလုပ်ရုံဆွေးနွေးပွဲကျင်းပ

မွန်ပြည်နယ် အစိုးရအဖွဲ့နှင့် မြန်မာ့လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ (ဃနှီ) တို့ ပူးပေါင်းကျင်းပသည့် ရော်ဘာကဏ္ဍ ပြန်လည်ထူထောင်ရေးသို့ သက်ဆိုင်သူများပေါင်းစုံပါဝင်သည့် အလုပ်ရုံဆွေးနွေးပွဲကို နိုဝင်ဘာ ၁၈ ရက်နှင့် ၁၉ရက်တို့တွင် မော်လမြိုင်မြို့၊ ရာမညဟိုတယ်၌ ကျင်းပပြုလုပ်ခဲ့ပါသည်။အဆိုပါဆွေးနွေးပွဲတွင် စိုက်ပျိုးရေးပညာရှင် ဒေါက်တာ စိန်လှဗိုလ်နှင့် မလေးရှားနိုင်ငံမှ ဒေါက်တာလယ်ရီဝန်၊ ထိုင်း နိုင်ငံမှ ဒေါက်တာဗီရိုနာရောင်တို့ ပါဝင်သည့် ပညာရှင်များကရော်ဘာကဏ္ဍ ပြန်လည်ထူထောင်ရေးဆိုင်ရာ နိုင်ငံ တကာအတွေ့အကြုံများကို နှီးနှောဖလှယ်ခဲ့ကြသည်။ ထို့ပြင် မြန်မာနိုင်ငံ ရော်ဘာဥပဒေမူကြမ်းနှင့် ပတ်သက်၍ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့ ညွှန်ကြားရေးမှူး ဦးဝင်းမြင့်က ရော်ဘာကဏ္ဍ တိုးတက်ရေးအတွက် သက်ဆိုင်သည့် ဝန်ကြီးဌာန၊ဥပဒေပညာရှင်များဖြင့် ရော်ဘာဥပဒေမူကြမ်းကို ရေးဆွဲပြီးဖြစ်၍ သက်ဆိုင်သည့်  အသင်းအဖွဲ့နှင့် ပြည်တွင်းရော်ဘာစိုက်ပျိုးသည့်ဒေသ ခုနစ်ခုကို ချပြအကြံပြု ဖြည့်စွက် ဆွေးနွေးချက်များရယူရန်ရှိပြီး တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဒုတိယအကြိမ် ဆွေးနွေး ဖြည့်စွက်ပြီးပါက ဝန်ကြီးဌာနသို့ ဆက်လက်တင်ပြရန်ရှိကြောင်း၊ ဥပဒေထွက်ရှိပြီးမှသာ ရော်ဘာဘုတ်အဖွဲ့ဖွဲ့၍  ရန်ပုံငွေစနစ်  ဖြစ်ပေါ်နိုင်မည်ဖြစ်ကာ ရော်ဘာကဏ္ဍ တိုးတက်ရေးအတွက် လုပ်ဆောင်နိုင်မည်ဖြစ်ကြောင်းပြောကြားခဲ့ပါသည်။
အလုပ်ရုံဆွေးနွေးပွဲ ဒုတိယနေ့တွင် ရော်ဘာကဏ္ဍ ပြန်လည် ထူထောင်ရေးဆိုင်ရာ နည်းလမ်းများအား အဖွဲ့လိုက်တင်ပြခြင်း၊ အပြန်အလှန် ဆွေးနွေးခြင်း၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးဆိုင်ရာ  ကွင်းဆင်းသုတေသန စာတမ်းများမှ ကနဦးတွေ့ရှိချက်များ အရ ကွင်းဆက်လမ်းကြောင်းကို တင်ပြခြင်း၊အဖွဲ့လိုက်တင်ပြသည့် ပြန်လည်ထူထောင်ရေးဆိုင်ရာ နည်းလမ်းများအရ ဆောင်ရွက်ရန် ရှေ့လုပ်ငန်းစဉ်များကို အစိုးရနှင့် ပုဂ္ဂလိကအဖွဲ့အစည်းများမှ တင်ပြခြင်း၊ သက်ဆိုင်သူများဘက်မှ အဆိုပါ လုပ်ငန်းစဉ်များတွင် ပူးပေါင်းပါဝင်ရန် နည်းလမ်းတင်ပြခြင်း၊ ရော်ဘာကဏ္ဍ ပြန်လည်ထူထောင်ရေးဆိုင်ရာ ရေရှည်လုပ်ငန်းစဉ် မူကြမ်းနှင့် အနာဂတ် အစီအစဉ်များတင်ပြခြင်းစသည်တို့ကို ဆွေးနွေးခဲ့ကြပါသည်။အဆိုပါအလုပ်ရုံ ဆွေးနွေးပွဲသို့ မွန်ပြည်နယ်ဝန်ကြီးချုပ်ဦးမင်းမင်းဦးနှင့် ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာအသီးသီးမှတာဝန်ရှိသူများ၊ စိုက်ပျိုးရေးပညာရှင်များ၊ ရော်ဘာကဏ္ဍစိတ်ပါဝင်စားသူများ၊ ရော်ဘာထုတ်လုပ်သူ လုပ်ငန်းရှင်များ၊ရော်ဘာခြံပိုင်ရှင်များ တက်ရောက်ခဲ့ကြပြီး တက်ရောက်လာသူများက ရော်ဘာကဏ္ဍ ပြန်လည်ထူထောင်ရေးအတွက်သိရှိလိုသည်များအား မေးမြန်းခဲ့ရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်း ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။
မိုးမိုး (စားသုံးသူ-မွန်)
 

Agency Ministry of Foreign Affairs
Category General