၂၀၁၆ နိုဝင်ဘာလလယ်အထိ ရင်းနှီးမြှုပ်နှံမှုပမာဏအမေရိကန်ဒေါ်လာသန်းနှစ်ထောင် ကျော်သာရှိ

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်သည် ၂၀၁၆ ခုနှစ် နိုဝင်ဘာလလယ်အထိ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏ  ခွင့်ပြုပေးခဲ့မှုမှာ စုစုပေါင်းအမေရိကန်ဒေါ်လာ  သန်းနှစ်ထောင်ကျော်သာရရှိထားသေးကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၏ သတင်းထုတ်ပြန်ချက်များအရသိရသည်။မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်သည်၂၀၁၆-၁၇ဘဏ္ဍာနှစ်အတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာသန်းခြောက်ထောင်ရရှိရန် ရည်မှန်းထားသော်လည်း အစိုးရသစ်တာဝန်ယူပြီး ရှစ်လကျော်ကြာသည်အထိ အမေရိကန်ဒေါ်လာ သန်းနှစ်ထောင်ကျော်သာ ရရှိထားသည်။မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်သည် အစည်းအဝေးအမှတ်စဉ် ၂၁/၂၀၁၆ တွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဥပဒေအရ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လုပ်ငန်းအရေအတွက် ငါးခုခွင့်ပြုခဲ့ပြီး
ရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ သန်းပေါင်း ၁၈ ဒသမ ဝ၈၄နှင့် ပြည်တွင်းလုပ်သားများအတွက်အလုပ်အကိုင် ၁၂၈၉ ခုကို ဖန်တီးပေး နိုင်ခဲ့ပါသည်။အဆိုပါအစည်းအဝေးမှ မြန်မာနိုင်ငံသား  ရင်းနှီးမြှုပ်နှံမှုဥပဒေအရရင်းနှီးမြှုပ်နှံမှုလုပ်ငန်းနှစ်ခုကို  ခွင့်ပြုပေးခဲ့ပြီး ရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာသန်းပေါင်း ၃၀ဝ ဒသမ၆၄၀ အပါအဝင် ကျပ်သန်း ၃၈၆၈၆၉ဒသမ ၆၅၀ နှင့် အလုပ်အကိုင် ၁၃၀၃ခုကို ဖန်တီးပေးနိုင်ခဲ့ကြောင်း သိရသည်။             
 

Agency Ministry of Foreign Affairs
Category General