မန္တလေး-အုန်းချောဒေသထွက် နဂါးမောက်သီးများစမ်းသပ်တင်ပို့ရေးမှသည် တိုးမြှင့်တင်ပို့ရေးဆီသို့

မူဆယ်(၁၀၅)မိုင်ကုန်သွယ်ရေးဇုန်ရှိ အရှေ့မြောက်တံခါးသစ်သီးပွဲရုံသို့ ဇွန် ၁၇ ရက်တွင် သရက်သီးများတင်ဆောင်ထားသည့် ကားများနဲ့အတူ နဂါးမောက်သီးများ တင်ဆောင်ထားသည့် ကားတစ်စီး ဝင်ရောက်လာခဲ့ပါသည်။ ၎င်းနဂါးမောက်သီးများသည် မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ် အုန်းချောဒေသရှိ ထွန်းတောက် စိုက်ပျိုးရေးခြံမှထွက်ရှိပြီး တရုတ်ဘက်မှ ဈေးကွက်စမ်းသပ်ရန်အတွက်မှာယူ(ဝယ်ယူ)ခြင်းဖြစ်ကြောင်း၊ ယခုပထမဆုံး အကြိမ်အဖြစ် နဂါးမောက်သီးဖာ ၅၀ဝ အား တရုတ်ဘက်မှ အမှာရှိ၍ သစ်သီးခြံရှင်ကိုယ်တိုင်တင်ပို့ခြင်းဖြစ်ကြောင်း သိရှိရပါသည်။ နဂါးမောက်သီးများအား စက္ကူ ဂျပ်ဖာများဖြင့် တစ်ဖာလျှင် အလုံးညီ အသီး ၂၄ လုံးထည့်ပြီး ရှစ်ကီလိုအလေးချိန်ရှိကြောင်း၊ မန္တလေး-အုန်းချောမှ မူဆယ်(၁၀၅)မိုင်အထိ သယ်ယူခမှာ ရှစ်ကီလိုဝင် တစ်ဖာလျှင် ကားခ တစ်ထောင်ကျပ် ပေးရကြောင်း၊ သစ်သီးပွဲရုံတွင် ကားအတင်/အချ တစ်ဖာလျှင် အလုပ်သမားခ ၂၀ ကျပ်အား ကုန်သည်မှပေးရကြောင်း၊ ဈေးကွက်စမ်းသပ်ရန်အတွက် စတင်တင်ပို့ခြင်းဖြစ်ပြီး တရုတ်ဘက်မှ ပုံမှန်ဝယ်လက်၊ ပုံမှန်ဈေးကွက်များရှိလာပါက မိမိဘက်မှတင်ပို့ရန် နဂါးမောက်သီးများအဆင်သင့်ရှိကြောင်းကိုလည်း သစ်သီးပွဲရုံမှ စုံစမ်းသိရှိရပါသည်။ နဂါးမောက်သီးလိုင်စင်ဈေးနှုန်းမှာ တစ်ကီလိုလျှင် သုည ဒသမ ၄ ဒေါ်လာရှိပြီး ဇွန် ၁၇ ရက်တွင် အမေရိကန် ဒေါ်လာ ၁၆၀ဝ တန်ဖိုးရှိ နဂါးမောက်သီး ၄ တန်အား တင်ပို့ခွင့်ပြုခဲ့ကြောင်း၊ ကုန်စည်ဒိုင်ဈေးတစ်ကီလိုလျှင် သုည ဒသမ ၈ ယွမ်မှ ၁ ဒသမ ၆ ယွမ်အထိရှိကြောင်း သိရှိရပါသည်။ ပြည်ပပို့ကုန်အမယ်သစ်များ တိုးမြှင့်တင်ပို့ရာတွင် နဂါးမောက်သီးသည်လည်း အလားအလာကောင်းသော သစ်သီးဝလံ တစ်မျိုးဖြစ်ပြီး တစ်ဖက်နိုင်ငံတွင် စားသုံးရန်နှင့် ဖျော်ရည်ဘူးများ၊ စည်သွပ်ဘူးများ ပြု လုပ်ရာတွင် အသုံးပြုမည်ဖြစ်ကြောင်း သိရှိရပါသည်။ မန္တလေး-အုန်းချောဒေသတစ်ဝိုက်ရှိ သစ်သီးခြံများမှထွက်ရှိသော နဂါးမောက်သီးများအား စမ်းသပ်တင်ပို့ရေးမှသည် ဈေးကွက်တိုးချဲ့ပြီး ပို့ကုန်တိုးမြှင့်ရေးသို့ဦးတည်ကာ ပိုမိုတိုးတက်တင်ပို့နိုင်ရေး ဝိုင်းဝန်းကြိုးစားကြပါရန် ရေးသားတင်ပြလိုက်ရပါသည်။

Agency Ministry of Foreign Affairs
Category General