နဝမအကြိမ်မြောက် မြန်မာ-အိန္ဒိယ ကုန်သွယ်ရေး ပူးတွဲကော်မတီအစည်းအဝေးကျင်းပ
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၂၁ ရက်နေ့၊ ၁၀:၀၀ နာရီတွင် နေပြည်တော်၊ Park Royal Hotel ၌ မြန်မာနိုင်ငံက အိမ်ရှင်နိုင်ငံအဖြစ် လက်ခံကျင်းပသည့် နဝမအကြိမ်မြောက် မြန်မာ-အိန္ဒိယကုန်သွယ်ရေး ပူးတွဲကော်မတီအစည်းအဝေးသို့ အစည်းအဝေး၏ သဘာပတိ (Chair) အဖြစ် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမင်းမင်း တက်ရောက် အမှာစကား ပြောကြားခဲ့သည်။
ဒုတိယဝန်ကြီးက အမှာစကားပြောကြားရာတွင် မြန်မာနိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့အကြား ကုန်သွယ်ရေးပူးတွဲကော်မတီ တည်ထောင်ရေးဆိုင်ရာနားလည်မှုစာချွန်လွှာအရ ကုန်သွယ်ရေးပူးတွဲ ကော်မတီအစည်းအဝေးများကို ၂၀၀၃ ခုနှစ်မှ စတင်၍ နှစ်နိုင်ငံအိမ်ရှင်အဖြစ် အလှည့်ကျ ကျင်းပခဲ့ ကြောင်း၊ အဆိုပါအစည်းအဝေးများသည် နှစ်နိုင်ငံအကြား ကုန်သွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင်ရာတွင် အရေးပါသည့် မှတ်တိုင်တစ်ခုဖြစ်ကြောင်း၊ မိမိတို့နှစ်နိုင်ငံအကြား ကုန်သွယ်မှုပမာဏကို ပိုမိုမြှင့်တင်နိုင်ရေးအတွက် လွယ်ကူချောမွေ့စေမည့် နည်းလမ်းများ၊ အခြေခံအဆောက် အအုံများတိုးတက်ကောင်းမွန်စေရေးနှင့် စိုက်ပျိုးရေး၊ ပို့ဆောင်ရေး၊ စွမ်းအင်၊ သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာ (ICT)၊ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ (MSMEs)၊ ကျန်းမာရေး အစရှိသည့် အဓိကကဏ္ဍကြီးများတွင် ရင်းနှီးမြှုပ်နှံမှုများ ပိုမိုတိုးမြှင့်သွားနိုင် ရေးတို့အတွက် ဆွေးနွေးညှိနှိုင်းသွားကြမည်ဖြစ်ကြောင်း၊ ယနေ့ကျင်းပသည့် အစည်းအဝေးသည် နှစ်နိုင်ငံအကြား လက်ရှိပူးပေါင်းဆောင်ရွက်နေမှုများကို ပိုမိုခိုင်မာစေမည်ဖြစ်ပြီး နှစ်ဘက်စီးပွားရေး လုပ်ငန်းရှင်များ ရင်ဆိုင်ကြုံတွေ့နေရသည့် ကုန်သွယ်မှုဆိုင်ရာစိန်ခေါ်မှုများကို လျှော့ချကျော်လွှားနိုင်မည့် နည်းလမ်းကောင်းများကို ဖော်ထုတ်ပေးနိုင်မည်ဟု ယုံကြည်မျှော်လင့်မိပါကြောင်း ပြောကြားခဲ့သည်။
ထို့နောက် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၂၀ ရက်နေ့တွင် ကျင်းပခဲ့သော Preliminary Meeting တွင် နှစ်နိုင်ငံ သက်ဆိုင်ရာဝန်ကြီးဌာနများမှ ကိုယ်စားလှယ်များ အသေးစိတ်အပြန်အလှန် ဆွေးနွေးထားသည့် အစည်းအဝေးမှတ်တမ်းအား မြန်မာနိုင်ငံဘက်မှ စီးပွားရေးနှင့်ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမင်းမင်းနှင့် အိန္ဒိယနိုင်ငံဘက်မှ ကူးသန်းရောင်းဝယ်ရေးနှင့်စက်မှုဝန်ကြီးဌာန၊ ကူးသန်းရောင်းဝယ်ရေးဦးစီးဌာနမှ Additional Secretary ဖြစ်သူ H.E. Shri Nitin Kumar Yadav တို့မှ အတည်ပြုလက်မှတ်ရေးထိုးခဲ့ကြသည်။ လက်မှတ်ရေးထိုးပွဲအပြီးတွင် အိန္ဒိယနိုင်ငံဘက်မှ တက်ရောက် လာသည့် ကိုယ်စားလှယ်များနှင့် မြန်မာနိုင်ငံဘက်မှ တက်ရောက်သည့်ဌာနဆိုင်ရာကိုယ်စားလှယ်များအား နေ့လယ်စာဖြင့် တည်ခင်းဧည့်ခံခဲ့သည်။
အဆိုပါ နဝမအကြိမ်မြောက် မြန်မာ-အိန္ဒိယကုန်သွယ်ရေး ပူးတွဲကော်မတီအစည်းအဝေးသို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် သက်ဆိုင်ရာဝန်ကြီးဌာနများမှ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီး H.E. Sh. Abhay Thakur၊ အိန္ဒိယသမ္မတနိုင်ငံ၊ ကူးသန်းရောင်းဝယ်ရေးနှင့်စက်မှုဝန်ကြီးဌာန၊ ကူးသန်းရောင်းဝယ်ရေးဦးစီးဌာနမှ Additional Secretary ဖြစ်သူ Shri Nitin Kumar Yadav ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့နှင့် တာဝန်ရှိသူများ စုစုပေါင်း ကိုယ်စားလှယ် ၅၆ ဦး တက်ရောက်ကြပြီး ဒသမအကြိမ်မြောက် မြန်မာ-အိန္ဒိယကုန်သွယ်ရေး ပူးတွဲကော်မတီအစည်းအဝေးကို အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့၌ ကျင်းပသွားရန် ညှိနှိုင်းသဘောတူညီခဲ့ကြောင်း သတင်းရရှိသည်။
Agency Ministry of Commerce
Category General