ပြည်ထောင်စုဝန်ကြီး ဦးချစ်ဆွေ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီး H.E. Mr. Abhay Thakur နှင့် အိန္ဒိယနိုင်ငံ၊ Additional Secretary Sh. Nitin Kumar Yadav တို့ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးချစ်ဆွေသည် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီး H.E. Mr. Abhay Thakur နှင့် (၉) ကြိမ်မြောက် မြန်မာ-အိန္ဒိယ နှစ်နိုင်ငံကုန်သွယ်ရေး ပူးတွဲကော်မတီအစည်းအဝေးသို့ တက်ရောက်ရန် နေပြည်တော်သို့ ရောက်ရှိနေသည့် အိန္ဒိယနိုင်ငံ၊ ကူးသန်း‌ရောင်းဝယ်ရေးနှင့် စက်မှုဝန်ကြီးဌာန၊ ကူးသန်းရောင်းဝယ်ရေးဦးစီးဌာန၊ Additional Secretary Sh. Nitin Kumar Yadav တို့ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၂၀ ရက်၊ (၁၆:၀၀) နာရီအချိန် တွင် နေပြည်တော်၊ ရုံးအမှတ်-၃၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်‌ထောင်စု ဝန်ကြီး၏ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

     တွေ့ဆုံစဉ် နှစ်နိုင်ငံ ပူးတွဲကုန်သွယ်ရေးကော်မတီ အစည်းအဝေးတွင် မြန်မာ-အိန္ဒိယ နှစ်နိုင်ငံစလုံးအတွက် အကျိုးဖြစ်ထွန်းစေမည့် ရလဒ်ကောင်းများ ပေါ်ထွက်လာစေရေး ညှိနှိုင်း ဆွေးနွေးသွားမည့်ကိစ္စရပ်များ၊ နှစ်နိုင်ငံကုန်သွယ်မှု တိုးမြှင့်နိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက် လိုသည့် လုပ်ငန်းစဉ်များ၊ နှစ်နိုင်ငံကုန်သွယ်မှုဆိုင်ရာ နားလည်မှုစာချွန်လွှာအား သက်တမ်း တိုးမြှင့်နိုင်ရေး၊  မြန်မာ့ပဲမျိုးစုံအပါအဝင် စိုက်ပျိုးရေးထွက်ကုန်များ အိန္ဒိယနိုင်ငံသို့ ပိုမိုတိုးမြှင့် တင်ပို့နိုင်ရေး၊ နှစ်နိုင်ငံကုန်သွယ်မှုတွင် ရူပီး-ကျပ် အသုံးပြုမှုအဆင်ပြေချောမွေ့စေရေးအတွက် ပူးပေါင်းဆောင်ရွက်သွားရေးနှင့် နှစ်ဘက်စီးပွားရေးလုပ်ငန်းရှင်များ အချင်းချင်း အပြန်အလှန် ကူးလူးဆက်ဆံမှုများကို တွန်းအားပေးဆောင်ရွက်သွားရေးတို့အား ရင်းနှီးပွင့်လင်းစွာဆွေးနွေး ကြသည်။

   တွေ့ဆုံပွဲသို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန်၊ ကုန်သွယ်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ တက်ရောက်ကြကြောင်း သတင်းရရှိသည်။ 

Agency Ministry of Commerce
Category General