အိန္ဒိယနိုင်ငံနှင့် မြန်မာနိုင်ငံတို့၏ ပဲစိုက်ပျိုးထုတ်လုပ်မှုနှင့်ဈေးကွက်သတင်းအခြေအနေ
အိန္ဒိယနိုင်ငံတွင် မိုးသီးနှံစိုက်ဧရိယာသည် ယခုအချိန်အထိ လျော့နည်းလျက်ရှိပြီး ယခုနှစ် မိုးသီးနှံ ထုတ်လုပ်မှုမှာ တန်ချိန် ၁၄၉.၉ သန်းခန့်သာရှိပြီး ယခင်နှစ်ထုတ်လုပ်မှုထက် ၄ ရာခိုင်နှုန်း လျော့နည်းနေကြောင်းလေ့လာတွေ့ရှိရပါသည်။ ပဲမျိုးစုံစိုက်ဧရိယာမှာ ၅.၆ ရာခိုင်နှုန်းထိ လျော့နည်း လျက်ရှိပြီး၊ အချို့ဒေသများတွင် မိုးရေအလုံအလောက်မရရှိသောကြောင့် ပဲမျိုးစုံစိုက်ဧရိယာကျဆင်းလာသည်ကို လေ့လာတွေ့ရှိရသည်။
အိန္ဒိယနိုင်ငံအနေဖြင့် မိုးသီးနှံစိုက်ပျိုး ထုတ်လုပ်မှု ၄ ရာခိုင်နှုန်း လျော့နည်းသွားသော်လည်း ဆည်များတွင် ရေပြည့်နေသောကြောင့် ဆောင်းသီးနှံစိုက်ပျိုးရာမှာအဆင်ပြေနိုင်ကြောင်း သိရှိရပါ သည်။ ပြည်နယ်အချို့တွင် မိုးများပြီးရေကြီးမှုများကြောင့် မတ်ပဲသီးနှံ စိုက်ခင်းများ အပျက်အစီး များခဲ့ပြီး မတ်ပဲဈေးနှုန်းသည် ရက်ပိုင်းအတွင်း တစ်ကွမ်တယ်ကို ၄၀၀-၅၀၀ ရူပီးခန့် မြင့်တက်လာ နိုင်ကြောင်း လေ့လာတွေ့ရှိရပါသည်။
အိန္ဒိယနိုင်ငံ၊ ဒေလီနှင့်မွန်ဘိုင်းဈေးကွက်များတွင် ပဲခွဲစက်ရုံများ၏ ဝယ်လိုအားနှင့် ရာသီဥတု ဆိုးရွားလာမှုကြောင့် မတ်ပဲဈေး ၁.၃ ရာခိုင်နှုန်း မြင့်တက်လာကြောင်း၊ တချိန်တည်းမှာပင် အိန္ဒိယ အစိုးရအေဂျင်စီ Nafed က အရန်ပဲသိုလှောင်ရန်ရည်ရွယ်ပြီး ပြည်ပမှတင်သွင်းထားသော မတ်ပဲများ အနက်မှ မတ်ပဲတန်ချိန် ၁၅၀၀ ကို ဝယ်ယူခဲ့ကြောင်း၊ အိန္ဒိယနိုင်ငံကို မတ်ပဲတင်ပို့လျက်ရှိသော မြန်မာ့မတ်ပဲ FAO ဈေးနှုန်းတစ်တန်လျှင် ၈၈၅ ဒေါ်လာမှ ၈၉၅ ဒေါ်လာနှင့် မတ်ပဲ SQ ဈေးနှုန်း တစ်တန်လျှင် ၁၀၁၅ ဒေါ်လာမှ ၁၀၂၀ဒေါ်လာ အထိရှိကြောင်း သိရှိရပါသည်။
အိန္ဒိယနိုင်ငံ၏ အစိုးရအေဂျင်စီတစ်ခုဖြစ်သည့် (National Agricultural Cooperative Marketing Federation of India Ltd – Nafed) သည် စက်တင်ဘာလ ၂၆ ရက်နေ့ နှင့် ၂၇ ရက်နေ့ များတွင် ပြည်ပမှတင်သွင်းထားသော မတ်ပဲများအား ဝယ်ယူသည့် တင်ဒါခေါ်ထားပြီး ၎င်းမှာ အိန္ဒိယ အစိုးရကိုယ်စား မတ်ပဲများအား ဝယ်ယူခြင်းဖြစ်ကြောင်း၊ ပြည်တွင်း၌ ပဲဈေးတက်လာပါက ဝယ်ယူ ထားသောပဲများအား ပြန်လည်ရောင်းချမည်ဖြစ်ကြောင်း သိရှိရပါသည်။ ထို့အပြင် (National Cooperative Consumer Federation-NCCF) သည်လည်း စားသုံးသူရေးရာဌာနအတွက် ပြည်ပမှ တင်သွင်းထားသော မတ်ပဲနှင့် ပဲစင်းငုံများ ဝယ်ယူရန်အတွက် တင်ဒါခေါ်ထားကြောင်း လေ့လာသိရှိ ရပါသည်။
အိန္ဒိယအစိုးရသည် လွန်ခဲ့သော ၂ နှစ်ခန့်၌ သိုလှောင်ထားသော အရန်မတ်ပဲ တန်ချိန် ၃ သန်း ကို Nafed အေဂျင်စီမှတစ်ဆင့် သတ်မှတ်ဈေးနှုန်း MSP ထက်လျော့ဈေးဖြင့် စတင်ရောင်းချလျက် ရှိကြောင်း၊ ရောင်းချနေသည့် မတ်ပဲဈေးနှုန်းများသည် ၂၀၂၁-၂၀၂၂ နှင့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် အတွက် အစိုးရမှသတ်မှတ်ပေးထားသော MSP ဈေးတစ်ကွမ်တယ်ကို ၅၂၃၀ ရူပီးနှင့် ၅၁၀၀ ရူပီး အောက် လျော့နည်းသည့်ဈေးနှုန်းဖြင့် ရောင်းချလျက်ရှိကြောင်း လေ့လာသိရှိရပါသည်။ ယခုပြင်ပပဲ ဈေးကွက်များတွင် မတ်ပဲဈေးနှုန်းသည် ၄၃၀၀-၄၆၀၀ ရူပီးခန့်ရှိပြီး အစိုးရသည် မတ်ပဲအဟောင်း များကို ဈေးနှုန်းလျော့ချ၍ ရောင်းချနေသောကြောင့် မတ်ပဲဈေးနှုန်းများ ထပ်မံကျဆင်းနိုင်ကြောင်း လေ့လာတွေ့ရှိရပါသည်။
ဒေါ်လာဈေးကျဆင်းလာသည်နှင့်အမျှ မြန်မာနိုင်ငံ၏ ပဲမျိုးစုံဈေးနှုန်းသည်လည်း ကျဆင်းလာကြောင်း၊ မတ်ပဲဈေးနှုန်းသည် တစ်တန်လျှင် ကျပ်သိန်း ၂၀ မှ ၁၈ သိန်းအောက် ပြန်လည် ကျဆင်းလာခဲ့ပြီး ပဲစင်းငုံဈေးနှုန်းမှာလည်း ကျပ် ၂၁ သိန်းဝန်းကျင်မှ ကျပ်သိန်း ၂၀ အောက်သို့ တဖြည်းဖြည်းကျဆင်းလာသည်ကို လေ့လာတွေ့ရှိရပါသည်။ ပဲဈေးကွက်တွင် ဈေးနှုန်းကျဆင်းလာ ခြင်းသည် ဒေါ်လာဈေး ကျဆင်းသွားခြင်းကြောင့်ဖြစ်ပြီး ဒေါ်လာဈေးတက်လာပါက ပြည်ပပို့ကုန် ပဲမျိုးစုံဈေးနှုန်းသည်လည်း မြင့်တက်လာနိုင်ကြောင်း လေ့လာသိရှိရပါသည်။ အိန္ဒိယနိုင်ငံ၏ ပွဲတော် ရာသီများတွင် ပဲဈေးနှုန်းများ ပြန်တက်လာနိုင်ကြောင်း၊ အိန္ဒိယနိုင်ငံ၏သတင်းများတွင် မုတ်သုံ ရာသီမိုးမမှန်ခဲ့မှုနှင့် ယခုမိုးနှောင်းကာလတွင် မိုးကြီးနေမှုတို့ကြောင့် စပါးနှင့်ပဲမျိုးစုံအထွက်လျော့ ကျမည့်အလားအလာရှိနေကြောင်း၊ အိန္ဒိယနိုင်ငံ၏ ယခုနှစ်စိုက်ပျိုးရာသီတွင် ပဲစိုက်ခင်းများ အပျက် အစီးများသောကြောင့် ပြည်ပမှ ဆက်လက်ဝယ်ယူရမည်ဖြစ်ကြောင်း လေ့လာသိရှိရပါသည်။
မြန်မာနိုင်ငံနှင့် အိန္ဒိယနိုင်ငံအစိုးရတို့အကြား သဘောတူလက်မှတ်ထိုးထားသည့် MOU အရ လက်ရှိ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် မတ်ပဲတန်ချိန် ၂ သိန်းခွဲနှင့် ပဲစင်းငုံတန်ချိန် ၁သိန်း (စုစုပေါင်း ၃သိန်းခွဲ) ဝယ်ယူတင်သွင်းနိုင်ကြောင်းနှင့် ပဲစင်းငုံဈေးနှုန်းနှင့်ပတ်သက်၍ အာဖရိကဘက်မှ ပဲစင်းငုံများအဝင်များနေသောကြောင့် အိန္ဒိယနိုင်ငံ၏ပဲစင်းငုံဈေးနှုန်းသည် အနည်းငယ်ငြိမ်သက်နေကြောင်း လေ့လာတွေ့ရှိရပါသည်။
Source: ggmunews
                        Agency Department of Trade
                        
                        Category General
                    
