စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦး (၁၉) ကြိမ်မြောက် တရုတ်- အာဆီယံကုန်စည်ပြပွဲနှင့် စီးပွားရေးနှင့်ရင်းနှီးမြုပ်နှံမှုပွဲတော် ဖွင့်ပွဲအခမ်းအနားတွင် ဗီဒီယိုအမှာစကားပြောကြား
.jpg) 
                                                    
                ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၁၆ ရက်နေ့တွင် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊ ကွမ်ရှီးကျွမ့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်နင်းမြို့ရှိ Nanning International Exhibition and Convention Center ၌ Hybrid စနစ်ဖြင့် ကျင်းပပြုလုပ်ခဲ့သည့် (၁၉) ကြိ်မမြောက် တရုတ်-အာဆီယံကုန်စည်ပြပွဲနှင့် စီပွားရေးနှင့်ရင်းနှီးမြုပ်နှံမှုပွဲတော် ဖွင့်ပွဲအခမ်းအနားတွင် စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးမှ ဗီဒီယိုအမှာစကား ပေးပို့ပြောကြားခဲ့သည်။
အဆိုပါဖွင့်ပွဲအခမ်းအနားသို့ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဒုတိယဝန်ကြီးချုပ် မစ္စတာဟန်ကျန့်၊ ကွမ့်ရှီးကျွမ့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသအုပ်ချုပ်ရေးမှူး၊ တရုတ်နိုင်ငံအခြေစိုက် အာဆီယံနိုင်ငံများမှ သံအမတ်ကြီးများ၊ ကောင်စစ်ဝန်ချုပ်များနှင့် အာဆီယံ-တရုတ် ကုန်သည်လုပ်ငန်းရှင်များ တက်ရောက်ခဲ့ပြီး အာဆီယံနိုင်ငံများမှ အစိုးရအကြီးအကဲများ၊ ဒုတိယဝန်ကြီးချုပ်များ၊ ဝန်ကြီးများနှင့် အာဆီယံအတွင်းရေးမှူးချုပ်တို့ကလည်း ဗီဒီယိုအမှာစကားများ ပေးပို့ပြောကြားခဲ့သည်။
ယခုပြုလုပ်သည့် (၁၉) ကြိမ်မြောက် တရုတ်-အာဆီယံကုန်စည်ပြပွဲကို ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၁၆ ရက်နေ့မှ ၁၉ ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ရာ မြန်မာနိုင်ငံအနေဖြင့် မြန်မာအမျိုးသားပြခန်းဆောင်နှင့် ဒေသတွင်းဘက်စုံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှု (RCEP) နိုင်ငံများ ပြခန်းဧရိယာတွင် မြန်မာနိုင်ငံကိုယ်စားပြု ပြခန်းများပါဝင်ပြသလျက်ရှိသည့်အပြင် မြန်မာ့ပို့ကုန်ပစ္စည်းများ တိုးမြှင့်တင်ပို့နိုင်ရန်အတွက် ကုန်စည်ပြခန်းဆောင်တွင် ကျောက်မျက်ရတနာများ၊ သစ်သားပရိဘောဂများ၊ လယ်ယာထွက်ကုန် ပစ္စည်းများနှင့် စားသောက်ကုန် ပစ္စည်းများစသည့် ကုန်စည်ပြခန်းများကို ပြခန်း (၃၀) ပါဝင်ပြသလျက်ရှိကြောင်း သတင်းရရှိသည်။
                        Agency Department of Trade
                        
                        Category General
                    
