ကြာသပတေးနေ့ဆွေးနွေးပွဲသို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ပွင့်ဆန်း တက်ရောက်အမှာစကားပြောကြား
၂၀၂၂ ခုနှစ်၊ မေလ ၂၆ ရက်နေ့၊ (၁၀:၀၀) နာရီအချိန်တွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ညီလာခံခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည့် ကြာသပတေးနေ့ ဆွေးနွေးပွဲသို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ပွင့်ဆန်း တက်ရောက် အမှာစကားပြောကြားခဲ့သည်။
ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် မြန်မာနိုင်ငံအနေဖြင့် အခွန်သက်သာခွင့်နှင့်ပတ်သက်၍ (Regional Comprehensive Economic Partnership- RCEP) တွင် ကျင့်သုံးနေသည့် အခွန်သက်သာခွင့်ဆိုင်ရာကိစ္စရပ်များကို မိမိတို့ ဌာနအနေဖြင့် စိစစ်သုံးသပ်ဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊ ပုဂ္ဂလိကလုပ်ငန်းရှင်များကိုလည်း RCEP နှင့်စပ်လျဉ်း၍ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရေး အသိပညာဖြန့်ဝေပေးရန် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံမှ အများဆုံးတင်ပို့သည့် ပို့ကုန် အမယ် (၁၀) မျိုးနှင့် အများဆုံးတင်သွင်းသည့် အမယ် (၂၀) မျိုးတို့ကို အခြေခံပြီး ဆောင်ရွက်သွားရန်နှင့် နောင်တွင် ကုန်စည်လိုင်းအားလုံးအား ဆက်လက်ဆောင်ရွက်နိုင်ရေး ကြိုးပမ်းသွားရန်လိုကြောင်း ပြောကြားခဲ့သည်။
ဆက်လက်၍ ဘာသာရပ်တာဝန်ခံ ညွှန်ကြားရေးမှူးမှ ဒေသတွင်း ဘက်စုံစီးပွားရေးပူးပေါင်း ဆောင်ရွက်မှုသဘောတူညီချက် (Regional Comprehensive Economic Partnership- RCEP) တွင် ပါဝင်သောဘာသာရပ်ဆိုင်ရာအခန်းကဏ္ဍများ၊ ကုန်စည် ကုန်သွယ်ရေးအောက်တွင် သက်ရောက်မှုရှိသော အကောက်ခွန်သက်သာခွင့်နှင့် ပင်ရင်းနိုင်ငံစည်းမျဉ်းများ၊ အကောက်ခွန်မဟုတ်သော စီမံဆောင်ရွက်မှုများကို အကျဉ်းချုပ်ဆွေးနွေးခြင်း၊ RCEP ၊ အာဆီယံ-တရုတ်နှင့် တရုတ်နိုင်ငံမှ တဖက်သတ်ပေးသော အကောက်ခွန် သက်သာခွင့်တို့တွင် မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံတို့၏ ကုန်သွယ်မှုအပေါ် သုံးသပ်ခြင်းတို့အားဆွေးနွေးပြောကြားခဲ့ပြီး တက်ရောက်လာ သူများမှ အကြံပြုဖြည့်စွက်ဆွေးနွေးတင်ပြခဲ့ပြီး ပြည်ထောင်စုဝန်ကြီးမှ နိဂုံးချုပ်အမှာစကားပြောကြားခဲ့သည်။
အဆိုပါအခမ်းအနားသို့ ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများနှင့် အရာထမ်း၊ အမှုထမ်း စုစုပေါင်း (၁၈၀) ဦး တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။
                        Agency Department of Trade
                        
                        Category General
                    
