နယ်စပ်ဒေသများမှ အဝယ်လိုက်လာသဖြင့်ပြည်ပွဲရုံများတွင် ကြက်သွန်နီသစ်များ ဈေးမြင့်တက်

ဇန်နဝါရီလ  ဒုတိယပတ်ကပြည်ပွဲရုံများတွင် ကြက်သွန်နီအသစ်တွေဝင်ရောက် မှုရှိနေပေမယ့် ဈေးနှုန်းမြင့်တက်နေတာတွေ့ရပါတယ်။ ယခုဈေးကွက်မှာ ထွက် ပေါ်လာတဲ့ ကြက်သွန်နီအသစ်တွေက ပြီးခဲ့တဲ့မိုးစိုက်ကြက်သွန်နီများဖြစ်ပါတယ်။ ယခုမိုးကြက်သွန်နီအသစ်တွေက  မိုးရာသီမှာ တစ်နိုင်ငံလုံးရေကြီးမှု၊ မိုးများမှုများ ကြောင့် အထွက်နှုန်းနည်းခဲ့ကြောင်းလည်းသိရပါတယ်။ နှစ်သစ်ရဲ့ပထမပတ်မှာပင် ကြက်သွန်နီစိုက်ပျိုးတဲ့ ဒေသအများစုမှာ မိုးများမှုကြောင့် ယခင်က  တစ်ဧကကို ပိဿာ၁၃၀ဝမှ ပိဿာချိန် ၁၇၀ဝ အထိထွက်ရှိပေမယ့် ယခုနှစ်မှာတော့ တစ်ဧက ကို ပိဿာချိန် ၁၀ဝ ကျော်မှ ၁၆၀ လောက်သာ အများဆုံးထွက်ရှိပြီး ကြက်သွန်နီဥ ပျက်စီးမှုများတာကြောင့် ယခုလိုအထွက်နှုန်းအဆမတန်ကျလာတာလို့ ဒီဇင်ဘာ ၂၉ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာမှာ  ဖော်ပြထားတာတွေ့ရပါတယ်။ ယခုတစ်ဖန်အထွက်နှုန်းနည်းနေတဲ့အပြင်  ဒိုင်များသို့ ဝင်ရောက်လာသမျှ ကြက်သွန်နီများကို ထိုင်းနိုင်ငံဘက်မှ အဆွဲများတာကြောင့် အောက်လမ်းများမှ ကြက်သွန်နီအိတ်တွေအထွက်များနေတာကြောင့်နိုင်ငံအတွင်း ကြက်သွန်နီဈေးဟာ အဆမတန် တက်လာဖွယ်ရာရှိကြောင်း ပြည်(ပွဲရုံ)ပိုင်ရှင်များက ပြောကြားခဲ့ပါတယ်။
ယခုတစ်ပတ် ပြည်ကြက်သွန်နီ (ပွဲရုံ)များတွင် ကြက်သွန်နီ တစ်ပိဿာလျှင် (ကြီး)ကျပ် ၁၃၀ဝ၊ (လတ်) ၁၁၅၀ ကျပ်၊ (သေး) ကျပ် ၉၀ဝ ဈေးတို့ဖြစ်ပေါ်လျက်ရှိ နေပါတယ်။ ဒေသတွင်းလက်လီဈေးများမှာတော့ (ကြီး)ကျပ် ၁၅၀ဝ၊ (လတ်)ကျပ် ၁၃၀ဝနဲ့(သေး) ကျပ်၁၀၅၀တို့ဖြင့် ရောင်းဝယ်လျက်ရှိနေကြပါတယ်။ ကြက်သွန်နီ အစများကတော့ အောင်လံ၊ တောင်တွင်း၊ ရေနံချောင်း၊ ပခုက္ကူများမှ ဝင်ရောက် လျက်ရှိပြီး ဈေးမငြိမ်သက်မှုကြောင့်  စားသုံးသူများရဲ့ ဝယ်လိုအားကျဆင်းလာပြီး (ပွဲရုံ)အရောင်းဈေးကွက်လည်းကျလာတယ်လို့သိရပါတယ်။ယခုအချိန် ကြက် သွန်နီ ဈေးကွက် ပုံမှန်ဈေးကျပ် ၅၀ဝ၊ ၆၀ဝ၊၇၀ဝသာဖြစ်သင့်ကြောင်း ကြက်သွန်နီ (ပွဲရုံ)ပိုင်ရှင်များက ပြောကြားပါတယ်။                       ဝင်းလဲ့ဝါ (ပြည်)
 

အဖွဲ့အစည်း နိုင်ငံခြားရေးဝန်ကြီးဌာန
ကဏ္ဍ General